News

POST TAGGED AS

အနုပညာ

နေ့စဉ် ကျပ် ၆၅၀၀ ပေးသွင်းရုံဖြင့် သုံးဘီးမော်တော်ယာဉ်ပိုင်ဆိုင်ခွင့်ရမည်


မန္တလေး၊ စက်တင်ဘာ ၉

မန္တလေးမြို့တော်အတွင်း အငှားယာဉ်မောင်းများအနေနှင့် နေ့စဉ်ကျပ် ၆၅၀၀ ပေးသွင်းရုံဖြင့် သုံးနှစ်အတွင်း သုံးဘီးယာဉ်ပိုင်ရှင်ဖြစ်လာနိုင်ကြောင်း Get Ride လူထုအခြေပြု မော်တော်ယာဉ်ကွန်ရက်၏ ဗဟိုအလုပ်အမှုဆောင် ဦးငြိမ်းချမ်းစိုးဝင်းက ပြောကြားသည်။

သုံးနှစ်အရစ်ကျစနစ်အတွက် ကနဦးပေးသွင်းငွေကျပ် လေးသိန်းပေးသွင်းရမည်ဖြစ်ကာ ပထမနှစ်တွင်နေ့စဉ် ၆၅၀၀ ကျပ်၊ ဒုတိယနှစ်နှင့် တတိယနှစ်တွင် ၆၀၀၀ ကျပ်ပေးသွင်းရမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ 

သုံးဘီးမော်တော်ယာဉ်ကို သုံးနှစ်အရစ်ကျ ဝယ်ယူမောင်းနှင်နိုင်ရန် အသင်းဝင်အဖြစ် လျှောက်ထားရာ၌ မန္တလေးတွင်နေထိုင်ကြောင်း အိမ်ထောင်စုဇယား၊ မိသားစုဝင်တစ်ဦး၏ထောက်ခံချက်နှင့် အခြားထောက်ခံပေးမည့်သူတစ်ဦး၊ ရပ်ကွက်နှင့် ရဲစခန်းထောက်ခံစာတို့သာ လိုအပ်ကြောင်း Get Ride ၏ အထက်မြန်မာပြည်မန်နေဂျာ ဒေါ်တင်နီလာဝင်းက ပြောကြားသည်။ 

“စတည်ထောင်ကတည်းက ဆိုင်ကယ်မောင်းနှင်တဲ့သူတွေဘဝ အဆင့်မြှင့်တင်ပေးလိုတဲ့အတွက် ဒီအစီအစဉ်စခဲ့တယ်။ အားလုံးကိုလည်း ပိုင်ဆိုင်စေချင်တဲ့အတွက် အသင်းဝင်မှမဟုတ်ဘဲ အပြင်လူတွေလည်း လျှောက်လို့ရပါတယ်။ အသင်းဝင်တွေအတွက်တော့ အခွင့်အရေးပိုရှိပါတယ်” ဟု ၎င်းက ပြောဆိုသည်။ 

တစ်ရက်တာအတွက် ပေးသွင်းရမည့်ငွေ ၆၅၀၀ ကျပ်သည် ယာဉ်မောင်းများအတွက် သင့်တော်သောပမာဏဖြစ်ကြောင်း၊ မန္တလေးမြို့တော်အတွင်း ဆိုင်ကယ်တက္ကစီမောင်းနှင်ပါက တစ်ရက်လျှင် ကျပ် ၂၀၀၀၀ ခန့်ရလေ့ရှိရာ ဆီဖိုးနှင့် နေ့စဉ်ပေးသွင်းငွေအတွက် ကျပ် ၁၀၀၀၀ အသုံးပြုပါက ကျန်ငွေဖြင့်မိသားစု စားဝတ်နေရေးအတွက် အသုံးပြုနိုင်ကြောင်း သုံးနှစ်အရစ်ကျစနစ်ဖြင့် Get Ride သုံးဘီးဆိုင်ကယ်မောင်းနှင်နေသူ ဦးဝင်းဇော်လတ်က ပြောကြားသည်။ 

“အရစ်ကျစနစ်က အတိုးသိပ်မများတော့ အဆင်ပြေတယ်။ လက်ငင်း ဆိုရင် ၄၃ သိန်းဆိုတော့ မဝယ်နိုင်ဘူး” ဟု ၎င်းက ပြောဆိုသည်။ 

သုံးနှစ်အရစ်ကျစနစ်ဖြင့် သုံးဘီးဆိုင်ကယ်အစီးရေ ၁၀၀ စီးချပေးထားခဲ့ပြီးဖြစ်ကြောင်း၊ ဆိုင်ကယ်တိုင်းတွင်ဖုန်း၊ ဂျီပီအက်စ်နှင့် အခြားလိုအပ်သောပစ္စည်းများပါဝင်ကြောင်း၊ အဆိုပါဆိုင်ကယ်များသည် အိန္ဒိယနိုင်ငံထုတ် Bajaj RE အမျိုးအစားဆိုင်ကယ်များဖြစ်ပြီး လက်ငင်းငွေချေစနစ်ဖြင့် ဝယ်ယူမည်ဆိုပါက ကျပ် ၄၃ သိန်း တန်ဖိုးရှိကြောင်း၊ သုံးနှစ်အတွက် နေ့စဉ်အရစ်ကျစနစ်ဖြင့်ဝယ်ယူမည်ဆိုပါက ကနဦးပေးသွင်းငွေအပါအဝင် ကျပ် ၇၁ သိန်းကျော် ကျမည်ဖြစ်ကြောင်း Get Ride လူထုအခြေပြုမော်တော်ယာဉ်ကွန်ရက်ထံမှ သိရသည်။

M-08



FOLLOW US