News

POST TAGGED AS

အနုပညာ

အပန်းဖြေအနားယူနိုင်သော အနုပညာဈေးတန်း မန္တလေးတွင် ဖော်ဆောင်မည်
မန္တလေး၊ မေ ၁၀

မန္တလေးဘူတာကြီး၏ ကျောကပ်လမ်းဖြစ်သော ၇၉ လမ်းတွင် အများပြည်သူ အပန်းဖြေအနားယူနိုင်မည့် အနုပညာဈေးတန်းငယ်တစ်ခု ယခုခြောက်လ ဘတ်ဂျက်တွင် ဖော်ဆောင်မည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။ 

ချမ်းအေးသာစံမြို့နယ် ၇၉ လမ်း၊ ၃၁ လမ်းမှ ၃၄ လမ်းအထိရှိမည့် ယင်းဈေးတန်းငယ်ကို အောက်တိုဘာလအတွင်း အကောင်အထည်ဖော်ဆောင်မည်ဖြစ်သည်။ 

အခြေခံလုပ်ဆောင်ချက်များဖြစ်သည့် ရေမြောင်းဖောက်ခြင်း၊ လမ်းခင်းခြင်းနှင့် လမ်းမီးတိုင်စိုက်ထူခြင်းများကို ခြောက်လဘတ်ဂျက်တွင် ထည့်သွင်းဆောင်ရွက်မည်ဖြစ်ပြီး အဆောက်အအုံ ဆောက်လုပ်ခြင်းနှင့် အခြားလုပ်ငန်းများကို အောက်တိုဘာလတွင် စတင်ဆောင်ရွက်မည်ဟု မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောကြားသည်။

“လူတွေသွားလာဖို့လည်းလွယ်ကူတယ်။ မြို့လယ်အချက်အချာကျတဲ့နေရာလည်းဖြစ်တယ်။ ဒီနေရာမှာ ဈေးတန်းဆိုတာထက် လူအများအနားယူနိုင်တဲ့ အပန်းဖြေနေရာမျိုး ဖြစ်အောင်လုပ်မယ်” ဟု ၎င်းက ပြောဆိုသည်။ 

ယင်းအနုပညာဈေးတန်းတွင် အနုပညာနှင့် သက်ဆိုင်သောပစ္စည်းများ ရောင်းချသည့်ဆိုင်များ၊ စာအုပ်၊ ပန်းချီပြခန်းများနှင့် ကော်ဖီဆိုင်များ၊ အနားယူ အပန်းဖြေနိုင်မည့် ပန်းခြံအငယ်စားနှင့် Food Court(ပစ္စည်းများကို ဘုံသုံးစွဲမှုဖြင့် ရောင်းချသည့်စားသောက်ဆိုင်များ) ထည့်သွင်းတည်ဆောက်ရန် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ရည်ရွယ်ထားသည်။ 

“မန္တလေးမှာ ဒီလိုနေရာတွေ လိုအပ်တယ်၊ အရိပ်ရအပန်းဖြေနိုင်တဲ့နေရာလေးတွေပါတော့ ပိုကောင်းတာပေါ့။ နေ့ခင်းတင်မဟုတ်ဘူး ညပိုင်းမှာပါ အပန်းဖြေအနားယူနိုင်တဲ့ ပန်းခြံဈေးတန်းလေးဖြစ်ရင် ပိုကောင်းမယ်” ဟု မန္တလေးဒေသခံ စာရေးဆရာမ နှင်းဆီအောင်က ပြောကြားသည်။ 

ယင်းနေရာတွင် ပန်းခြံထည့်သွင်း တည်ဆောက်ခြင်းဖြင့် သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် ကလေးငယ်များ သွားရောက်လည်ပတ်နိုင်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ 

အနုပညာဈေးတန်းအဆောက်အအုံ ဆောက်လုပ်မည့် ဒီဇိုင်းကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရှိ ဗိသုကာပညာရှင် အမျိုးသမီးအင်ဂျင်နီယာများ ရေးဆွဲထားသောလက်ရာကို ရွေးချယ်ထားကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီထံမှ ထပ်မံသိရသည်။

M-08



FOLLOW US