News

POST TAGGED AS

အနုပညာ

ကေပေါ့စတားများအပါအဝင် အနုပညာရှင် ၁၅၀ ကျော် မြောက်ကိုရီးယားတွင် ဖျော်ဖြေ


ဆိုးလ်၊ ဧပြီ ၁ 

ကိုရီးယားနှစ်နိုင်ငံအကြား ထိပ်သီးဆွေးနွေးပွဲကျင်းပရန် ပြင်ဆင်နေချိန်တွင် ဆယ်စုနှစ်တစ်ခုကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် တောင်ကိုရီးယား ကေပေါ့စတားများ မြောက်ကိုရီးယားတွင် သွားရောက်ဖျော်ဖြေခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။

မြောက်ကိုရီးယားမြို့တော်၊ ပြုံယမ်းတွင်ပြုလုပ်နေသည့် ငြိမ်းချမ်းရေးဂီတပွဲတော်နှစ်ခုတွင် တောင်ကိုရီးယားအနုပညာရှင် ၁၅၀ ကျော် ပါဝင်ဖျော်ဖြေနေသည်ဟု သိရသည်။

ယခုနှစ်အစောပိုင်းက တောင်ကိုရီးယားနိုင်ငံ ပြုံချမ်းမြို့တွင်ကျင်းပသည့် ဆောင်းရာသီအိုလံပစ်ပွဲတွင် မြောက်ကိုရီးယားအနုပညာရှင်များ လာရောက်ဖျော်ဖြေခဲ့ပြီးနောက် အပြန်အလှန်အဖြစ် ကေပေါ့စတားများက ပြုံယမ်းသို့ လာရောက်ခဲ့ခြင်းဖြစ်သည်။

နှစ်နိုင်ငံအကြား တင်းမာမှုများ သိသိသာသာပြေလျော့လာခဲ့ပြီးနောက် ယခုကဲ့သို့ ငြိမ်းချမ်းရေးဂီတပွဲများ ကျင်းပလာနိုင်ခြင်းဖြစ်သည်။

ပထမပွဲကို ဧပြီလ ၁ ရက်နေ့တွင် ကျင်းပခဲ့ပြီး နောက်တစ်ပွဲကို ၃ ရက်နေ့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။ နာမည်ကျော် ကေပေါ့အဖွဲ့များသာမက ရော့ခ်နှင့် အခြားဂီတအမျိုးအစားစုံမှ အနုပညာရှင်များလည်း ပါဝင်သည်ဟု သိရသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် တောင်ကိုရီးယား သမ္မတမွန်ဂျေအင်း၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့နှင့် ထိပ်သီးဆွေးနွေးပွဲများကျင်းပရန် သဘောတူထားသည်။

ပြီးခဲ့သည့်အပတ်ကလည်း ကင်သည် သူ၏ ပထမဆုံးပြည်ပခရီးစဉ်အဖြစ် တရုတ်နိုင်ငံသို့သွားရောက်ကာ သမ္မတရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့သည်။

တတိယအကြိမ် ကိုရီးယားနှစ်နိုင်ငံ ခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲကို ဧပြီလ ၂၇ ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။ ၂၀၀၀ ပြည့်နှစ်နှင့် ၂၀၀၇ ခုနှစ်တို့တွင်လည်း အလားတူ ကျင်းပခဲ့ဖူးသည်။ အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲ ကျင်းပမည့်ရက်ကိုမူ မသတ်မှတ်ရသေးပေ။

တစ်ချိန်တည်းတွင်ပင် တောင်ကိုရီးယားနှင့် အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်နေသော်လည်း ယမန်နှစ်နှင့်ယှဉ်ပါက သိသိသာသာ အင်အားလျှော့ထားခဲ့သည်။ 

ယခင်ကဆိုလျှင် အလားတူစစ်ရေး လေ့ကျင့်မှုများကို မြောက်ကိုရီးယားဘက်က ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိသော်လည်း ယခုတစ်ကြိမ်တွင်မူ မြောက်ကိုရီးယားက နားလည်မှုရှိကြောင်း ဖော်ပြခဲ့သည်။

စစ်ရေးလေ့ကျင့်မှုများမှာ စီစဉ်ထားသည့်အတိုင်း ဆက်လုပ်ရသည်ကို နားလည်ကြောင်း ကင်ဂျုံအန်းက အလည်အပတ်ရောက်ရှိလာသော တောင်ကိုရီးယား တာဝန်ရှိသူများကို ပြောကြားခဲ့သည်ဟု ဆိုသည်။

ပြုံယမ်းတွင် သွားရောက်ဖျော်ဖြေသည့် အထဲတွင် မိန်းကလေးငါးယောက်အဖွဲ့ Red Velvet၊ နာမည်အကြီးဆုံးကေပေါ့ အဖွဲ့များအနက်မှ တစ်ခုဖြစ်သော Girls' Generation မှ ဆိုယွန်း၊ ကေပေါ့ဂန္ထဝင်ဟု သတ်မှတ်ကြသော ချိုယုံပေ၊ နောက်ထပ် ဝါရင့်အဆိုတော်ကြီးဖြစ်သော လီဆွန်ဟီးတို့ ပါဝင်သည်ဟု သိရသည်။ 

F-03



FOLLOW US