POST TAGGED AS

အကြမ်းဖက်

လက်ပံတန်းတွင် ကျောင်းသားသပိတ် ဖြိုခွဲခံရမှုမြင်ကွင်းများ
လက်ပံတန်းတွင် ပိတ်ဆို့ခံထားရသည့် ကျောင်းသားသပိတ် စစ်ကြောင်းကို မတ်လ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲ ဝန်းကျင်တွင် ရဲတပ်ဖွဲ့မှ အင်အားသုံးဖြိုခွဲခဲ့သည်။ 

နံနက်ပိုင်းက သပိတ်မှောက် ကျောင်းသားများကို ဆက်လက်ချီတက်ခွင့် ပြုသဖြင့် ထွက်ခွာရန်ပြင်ဆင်နေချိန် အစိုရအဖွဲ့က ကျောင်းသားများ ရန်ကုန်သို့ ချီတက်ချိန်တွင် အလံမထောင်ရန်၊ ကားများစီတန်းပြီး မသွားရန်၊ တာဆုံအထိ လမ်းမလျှောက်ဘဲ ကားဖြင့်သွားရန် စသည့်အချက်များကို တောင်းဆိုခဲ့သည်။ အဆိုပါအချက်များကို ကျောင်းသားများက လက်မခံဘဲ ပိတ်ဆို့ထားသော အရံအတားများကို ဝင်တိုးရာမှ သပိတ်စစ်ကြောင်း ဖြိုခွဲခံခဲ့ရခြင်း ဖြစ်သည်။ 

ကျောင်းသားများနှင့် ရဲတပ်ဖွဲ့ဝင်တို့ တွန်းတိုးရာမှ တုတ်၊ ခဲများဖြင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး ရဲတပ်ဖွဲ့က အင်အား အလုံးအရင်းဖြင့် သပိတ်စခန်းကို ဖြိုခွဲကာ ၁၂၇ ဦးကို ဖမ်းဆီးပြီး ၃၆ ဦးနှင့်အထက် ဒဏ်ရာရရှိကာ လက်ပံတန်းဆေးရုံသို့ ရောက်ရှိလာခဲ့ကြောင်း လက်ပံတန်း မြို့ခံများနှင့် အဆိုပါဆေးရုံသို့ ရောက်ရှိခဲ့သူ The Voice သတင်းထောက်က သတင်းပေးပို့သည်။ 

သပိတ်စခန်းဖြိုခွဲရာတွင် ကျောင်းသား ၅၂ ဦး၊ ကျောင်းသူ ၁၃ ဦး၊ ဝန်းရံသူ ၆၂ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး ရဲတပ် ဖွဲ့ဝင်များဘက်မှ ၁၆ ဦး ဒဏ်ရာရရှိကာ သပိတ်မှောက်ကျောင်းသားများဘက်မှ ကျားခြောက်ဦး၊ မ နှစ်ဦး ဒဏ်ရာရရှိကြောင်း မတ်လ ၁၀ ရက် ည ၈ နာရီတွင် ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ် ပြန်ခဲ့သော်လည်း နံပါတ်တုတ်နှင့် ရိုက်နှက် ခံခဲ့ရသော သပိတ်မှောက်ကျောင်းသား၊ ကျောင်းသူများဘက်မှ ထိခိုက်ဒဏ်ရာ ရရှိမှု အခြေအနေကို ထုတ်ပြန်ခဲ့ခြင်းမရှိပေ။ 

မန္တလေး-ရန်ကုန် ပင်မသပိတ်စစ် ကြောင်းသည် ဇန်နဝါရီလ ၂၀ ရက်မှ စတင်ကာ မန္တလေးမြို့ အိမ်တော်ရာ ၁၄ ခန်း ဇရပ်မှ စတင်ထွက်ခွာခဲ့ပြီး ပုလိပ်၊ ကျောက်ဆည်၊ မြစ်သား၊ နွားထိုးကြီး၊ မြင်းခြံ၊ တောင်သာ၊ ဝဲလောင်၊ ပုပ္ပါး၊ ကျောက်ပန်းတောင်း၊ ရေနံချောင်း၊ မကွေး၊ တောင်တွင်းကြီး၊ ကြို့ပင်ကောက် စသည့်မြို့များသို့ ဖြတ်၍ ချီတက်ခဲ့ရာ ဖေဖော်ဝါရီလ ၁၇ ရက်တွင် ပဲခူးတိုင်းဒေသကြီး လက်ပံတန်း မြို့သို့ ရောက်ရှိခဲ့ကြောင်း သပိတ်ကော်မတီ ထံမှ သိရသည်။




FOLLOW US