News

POST TAGGED AS

အသေးစား

ဧရာဝတီတိုင်းရှိ အကျဉ်းထောင်များမှ အကျဉ်းသားများတွင် အခက်အခဲများ ကြုံတွေ့နေရဟုဆို
ပုသိမ်၊ ဇူလိုင် ၂၆

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အကျဉ်းထောင်များနှင့် အလုပ်စခန်းများရှိ အကျဉ်းသားများအနေနှင့် ကျန်းမာရေး၊ စားဝတ်နေရေး၊ ထောင်ဝင်စာတွေ့ဆုံရမှု စသည့် အခက်အခဲများရှိနေကြောင်း ဝါးခယ်မမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဌေးအောင်က ပြောကြားသည်။

ဇူလိုင် ၂၆ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီးလွှတ်တော်တွင် ပုသိမ်၊ မြောင်းမြ၊ မအူပင်၊ ဖျာပုံ၊ ဟင်္သာတ အကျဉ်းထောင်များနှင့် ရဲဘက်စခန်းများမှ အကျဉ်းသားများ၏ စားဝတ်နေရေး၊ အလုပ်အကိုင်၊ ကျန်းမာရေး စောင့်ရှောက်မှုများကို မည်သို့စီစဉ်ဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း မေးခွန်းမေးမြန်းစဉ် ဦးဌေးအောင်က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်က နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ယောက်ဖြစ်ပါတယ်။ ပုသိမ်၊ မြောင်းမြ၊ ကျောက်ဖြူနဲ့ စစ်တွေထောင်တွေမှာ နေခဲ့ရသူပါ။ ကျွန်တော်တို့တွေ ထောင်ထဲမှာရှိနေစဉ်ကရော၊ အခုထောင် ကျနေတဲ့သူတွေရဲ့ မိသားစုဝင်တွေရဲ့ ပြောပြချက်အရရော သူတို့(အကျဉ်းသားများ)မှာ အခက်အခဲတွေ အများကြီး ရှိနေကြပါတယ်”ဟု ဦးဌေးအောင်က ပြောဆိုသည်။

အကျဉ်းသားများအတွက် ရိက္ခာဆန်မှာ ဧည့်မထ/ငစိန်ဆန် ၂၅ မတ်ဆန်ဖြစ်ပြီး အကျဉ်းသား၊ အကျဉ်းသူတစ်ဦးလျှင် ၉၇၅ ကျပ်နှုန်းဖြင့် တစ်ပတ်လျှင် ပဲ ၇ ကြိမ် (တစ်ကြိမ်လျှင် ၅ ကျပ်သား)၊ တစ်ပတ်လျှင် အသား ၄ ကြိမ်(တစ်ကြိမ်လျှင် ၂ ကျပ်သား)ဖြင့် ကျွေးမွေးနေပြီး ထောင်ဝင်စာလာတွေ့ရန် အခက်အခဲရှိသူများအတွက် အကျဉ်းထောင်များ၏ အစီအစဉ်ဖြင့် တစ်လတစ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ် ငါးပိကြော်နှင့် ဗာလချောင်ကြော်များ ကျွေးမွေးဝေငှပေးနေကြောင်း အကျဉ်းထောင်သို့ စတင်ရောက်ရှိလာပါက ပုံစံအင်္ကျီ/လုံချည် ၂ စုံပေးထားပြီး ၆ လတစ်ကြိမ် ထုတ်ပေးကြောင်း၊ အကျဉ်းထောင်နှင့် အလုပ်စခန်းများတွင် လုပ်ကိုင်နေကြသော အကျဉ်းသားကို မိုးရာသီတွင် မိုးကာအင်္ကျီနှင့် ဝါးခမောက်များ ထုတ်ပေးထားပြီး ဆောင်းတွင်းတွင် အကျဉ်းသားများကို ဂွမ်းစောင်၊ ဂွမ်းကပ်များ ထုတ်ပေးထားကြောင်း၊ အိပ်ဆောင်များကို လေဝင်လေထွက်ကောင်းမွန်စေရေးနှင့် ကျန်းမာရေးနှင့် ညီညွတ်အောင် ကွပ်ပျစ်များခင်းထားပေးထားပြီး အိမ်သာကို ဂန်ဖလားစနစ်မှ ရေလောင်းစနစ်သို့ ပြောင်းလဲဆောင်ရွက်ထားပါကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်က ပြောကြားသည်။

ဧရာဝတီတိုင်းတွင် အကျဉ်းထောင် ၅ ခု နှင့် အလုပ်စခန်းများတွင် ဝန်ထမ်း ၄၃၅ ဦးရှိပြီး အကျဉ်းသား၊ အကျဉ်းသူဦးရေမှာ ၄၅၀၀ ကျော်ရှိသဖြင့် အကျဉ်းသား ၁၀ ယောက်အတွက် ဝန်ထမ်းတစ်ဦးသာရှိကြောင်း လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးရုံးထံမှ သိရသည်။ 

R-11



FOLLOW US