News

POST TAGGED AS

အရှေ့တောင်အာရှ

အရှေ့တောင်အာရှ လုံခြုံရေးရန်ပုံငွေ ဒေါ်လာသန်း ၃၀၀ နီးပါး သုံးမည်ဟု အမေရိကန် ကတိပြု


စင်ကာပူ၊ ဩဂုတ် ၆

အရှေ့တောင်အာရှအတွက် လုံခြုံရေးရန်ပုံငွေသစ်တွင် အမေရိကန်ဒေါ်လာ သန်း ၃၀၀ နီးပါး ပံ့ပိုးသွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက ပြောကြားခဲ့ကြောင်း Channel News Asia သတင်းဌာနက ဖော်ပြသည်။

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများ၊ ကမ္ဘာတစ်လွှားမှ အခြားတာဝန်ရှိသူများနှင့် စင်ကာပူတွင် အစည်းအဝေးကျင်းပနေစဉ် ပွမ်ပီယိုက ယင်းအချက်အလက်များကို သတင်းထောက်များကို ပြောကြားခဲ့ခြင်းဖြစ်သည်။

“အင်ဒိုပစိဖိတ်ဒေသတွင်းလုံခြုံရေး အဆင့်မြှင့်ဖို့ ကျွန်တော်တို့ ကတိကဝတ်အတိုင်း အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒေသတစ်ခုလုံး လုံခြုံရေးပူးပေါင်းဆောင် ရွက်မှုတိုးမြှင့်ရေး ရန်ပုံငွေသစ်အနေနဲ့ ဒေါ်လာသန်း ၃၀၀ နီးပါး သုံးသွားမယ်ဆိုတာကို ကြေညာလိုပါတယ်” ဟု ပွမ်ပီယိုက ပြောကြားခဲ့သည်။

“ဒီ လုံခြုံရေးအထောက်အကူသစ်ဟာ ကျွန်တော်တို့ရဲ့ မျှဝေထားတဲ့ ဦးစားပေးမှုတွေကို တိုးတက်လာစေမှာဖြစ်ပြီး အထူးသဖြင့် ရေကြောင်းလုံခြုံရေး အားကောင်းစေဖို့၊ လူသားချင်းစာနာမှုအထောက်အကူတွေ ဖွံ့ဖြိုးစေဖို့ အထောက်အကူရမှာဖြစ်သလို နိုင်ငံဖြတ်ကျော်ခြိမ်းခြောက်မှုတွေကို တန်ပြန်ဖို့ စီမံချက်တွေကိုလည်း အားကောင်းစေမှာဖြစ်ပါတယ်”ဟု ပွမ်ပီယိုက ပြောကြားသွားသည်။

ယခုတစ်ပတ် အစောပိုင်းကလည်း အမေရိကန်သည် ထွန်းသစ်စအာရှတွင် နည်းပညာ၊ စွမ်းအင်နှင့် အခြေခံအဆောက် အအုံဖွံ့ဖြိုးရေး ဆောင်ရွက်မှုများတွင် အမေရိကန်ဒေါ်လာ ၁၁၃ သန်း ရင်းနှီးမြှုပ်နှံ သွားမည်ဟု ကြေညာခဲ့ပြီး ယင်းမှာ အမေရိကန်၏ ဒေသတွင်း စီးပွားရေး ကတိကဝတ်အတွက် ကနဦးပေးချေမှုဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။

တရုတ်က ရပ်ဝန်းတစ်ခု လမ်းတစ်ခု စီမံကိန်းဖြင့် စီးပွားရေးအရသာမက ဩဇာအာဏာပါ လွှမ်းမိုးရန်ကြိုးစားလာချိန်တွင် အမေရိကန်က လွတ်လပ်ပြီး တံခါးဖွင့်ထားသော အင်ဒိုပစိဖိတ် ဒေသမျှော်မှန်းချက်ဖြင့် တန်ပြန်ရန် ကြိုးစားလာခဲ့သည်။

တရုတ်နှင့် အမေရိကန်အကြား ကုန်သွယ်ရေးတင်းမာမှုသည် တောင်တရုတ်ပင်လယ်အရေးကဲ့သို့သော ဒေသတွင်း အဓိကပြဿနာများတွင် တင်းမာမှု ပိုမိုအားကောင်းလာစေနိုင်သည်ဟု လေ့လာသူများက သုံးသပ်သည်။ 

တောင်တရုတ်ပင်လယ်တစ်ခွင်ကို တရုတ်က သူပိုင်သည်ဟုကြေညာထားသလို ကျွန်းတုများ တည်ဆောက်ကာ စစ်စခန်းများ အခြေစိုက်နိုင်ရန် ကြိုးပမ်းနေသောကြောင့် အရှေ့တောင်အာရှနိုင်ငံအချို့နှင့် ဆက်ဆံရေးတင်းမာနေသည်။ 

ပြီးခဲ့သည့် ကြာသပတေးနေ့က အငြင်းပွား ရေပိုင်နက်နှင့်ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းတစ်ရပ်ညှိနှိုင်းရေး အာဆီယံနှင့် တရုတ်အကြား သဘောတူညီနိုင်ခဲ့သည်။ သို့သော်လည်း ယင်းမှာ တရုတ်က ဒေသတွင်း အခိုင်အမာခြေကုပ်ယူနိုင်ရန် အချိန်ဆွဲခြင်းသာဖြစ်သည်ဟု ဝေဖန်မှုများရှိနေသည်။

အစည်းအဝေးတွင် တရုတ်၏ တောင်တရုတ်ပင်လယ်တွင် စစ်ပုံသွင်းတပ်ဖြန့်မှု၊ ဒေသတွင်း ဥပဒေစည်းမျဉ်းစည်းကမ်းကို အခြေပြုသည့် အာဏာအစီအစဉ် ထိန်းသိမ်းနိုင်ရေး အရေးပါမှုတို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း ပွမ်ပီယိုက ပြောကြားခဲ့သည်။

အဆိုပါအစည်းအဝေးတွင်ပင် တရုတ်နိုင်ငံတော်ကောင်စီဝင် ဝမ်ယီက ဒေသတွင်း လျင်လျင်မြန်မြန် ဖွံ့ဖြိုးရေးနှင့် လုံခြုံရေးအတွက် အမေရိကန်နှင့် လက်တွဲလုပ်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း အမေရိကန်သည် တောင်တရုတ်ပင်လယ်သို့ မဟာဗျူဟာမြောက်လက်နက်များ အမြောက်အမြားပေးပို့နေပြီး တရုတ်နှင့် အခြားဒေသတွင်း နိုင်ငံများကို ဖိအားပေးနေသည်ဟုလည်း ဝမ်ယီက ဝေဖန်ခဲ့သည်။



FOLLOW US