News

POST TAGGED AS

အမေရိကန်

ပါလက်စတိုင်း ပြည်သူများအကူအညီပေးရေးအေဂျင်စီအပေါ် အမေရိကန် ထောက်ပံ့မှုရပ်ဆိုင်း


ဝါရှင်တန်၊ စက်တင်ဘာ ၁

အရှေ့အလယ်ပိုင်း ပါလက်စတိုင်း ဒေသမှ ဒုက္ခသည်များကို ကူညီပံ့ပိုးပေးနေသည့် ကုလသမဂ္ဂအေဂျင်စီတစ်ခုအား ငွေကြေးရန်ပုံငွေ ထောက်ပံ့ပေးမှုကို ရပ်ဆိုင်းပစ်လိုက်ပြီဖြစ်သည်ဟု အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

ပါလက်စတိုင်းဒုက္ခသည်များကူညီ ပံ့ပိုးပေးရေးဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ (Unrwa) သည် Unrwa နှင့်ပတ်သက်၍ အသေအချာလေ့လာဆန်းစစ်ပြီးနောက် ယင်းအေဂျင်စီကို နောက်ထပ်ရန်ပုံငွေပံ့ပိုးမှုများ မပြုလုပ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဟီသာနူးအတ်က ဆိုသည်။ 

ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ်၏ ပြောရေးဆိုခွင့်ရှိသူကမူ အမေရိကန်ပြည်ထောင်စု၏ လုပ်ရပ်သည် ပါလက်စတိုင်းပြည်သူများကို ထိုးနှက်တိုက်ခိုက်မှုတစ်ရပ်ဖြစ်သည်ဟု ရှုတ်ချလိုက်သည်။ 

“ယခုလိုလုပ်ရပ်က အရှေ့အလယ်ပိုင်းဒေသတွင်း အမေရိကန်ရဲ့ အခန်းကဏ္ဍကွယ်ပျောက်စေမှာဖြစ်ပြီး အောင်မြင်ဖြစ်ထွန်းမှုလည်း ရရှိမှာမဟုတ်ပါဘူး။ ဒါဟာ မှန်ကန်တဲ့ ဖြေရှင်းနည်းမဟုတ်ဘူး”ဟု မာမွတ်အဘတ်စ်၏ ပြောရေးဆိုခွင့်ရှိသူနာဘီအဘူရူဒီနာက ပြောကြားသည်။ 

ထို့ပြင် ယခုလုပ်ရပ်သည် ကုလသမဂ္ဂဆုံးဖြတ်ချက်အပေါ် ဖီဆန်မှုတစ်ရပ်လည်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ 

Unrwa ၏ ပြောရေးဆိုခွင့်ရှိသူ ခရစ်ဂန်းစ်က အဆိုပါအေဂျင်စီတွင် ပြင်ဆင်၍မရနိုင်သော အမှားအယွင်းများ ရှိနေသည်ဟူသောကိစ္စမှာ မဟုတ်မမှန်ကြောင်း ပြောကြားသည်။ 

Unrwa အဖွဲ့ဟူသည်မှာ ၁၉၄၈ ခုနှစ် အာရပ်-အစ္စရေးစစ်ပွဲကြောင့် ရွှေ့ပြောင်းအခြေချနေထိုင်ခဲ့ရသော ပါလက်စတိုင်းပြည်သူ ထောင်ပေါင်းများစွာကို ထိန်းသိမ်းစောင့်ရှောက်ရန် ဖွဲ့စည်းထားသော အေဂျင်စီတစ်ခုဖြစ်သည်။ 

Unrwa ၏ ထုတ်ပြန်ချက်အရ လတ်တလောအနေအထားတွင် အဖွဲ့အနေနှင့် ဂါဇာ၊ အနောက်ဘက်ကမ်း၊ ဂျော်ဒန်၊ ဆီးရီးယာနှင့် လက်ဘနွန်ဒေသရှိ ပါလက်စတိုင်းလူမျိုး ၅ သန်းကျော်ခန့်ကို ကူညီပံ့ပိုးပေးလျက်ရှိသည်။ ထောက်ပံ့ရာတွင် ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနှင့် လူမှုဖူလုံရေးဝန်ဆောင်မှုတို့လည်း ပါဝင်သည်ဟု ဆိုသည်။ 

အမေရိကန်ပြည်ထောင်စုသည် Unrwa ကို ငွေကြေးအများဆုံးထောက်ပံ့ပေးနေခဲ့သည့် တစ်ဦးတည်းသော အလှူရှင်နိုင်ငံဖြစ်ခဲ့သည်။

F-01



FOLLOW US