News

POST TAGGED AS

အမေရိကန်

ကင်ဂျုံအန်းနှင့် ထပ်မံတွေ့ဆုံရန် ဖြစ်နိုင်ခြေများဟု ဒေါ်နယ်ထရမ့် ပြောကြား


ဝါရှင်တန်၊ ဩဂုတ် ၂၁ 

အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ထရမ့်က မိမိနှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့ ထပ်မံတွေ့ဆုံမည့်ကိစ္စမှာ လွန်စွာဖြစ်နိုင်ခြေများသည်ဟု တနင်္လာနေ့ကထုတ်ဖော်ပြောကြားပြီး နျူကလီးယားလက်နက် ဖြုတ်သိမ်းရေးဆိုင်ရာ ကြိုးပမ်းချက်များကို ကာကွယ်ပြောဆိုလိုက်ကြောင်း  Channel News Asia  သတင်းဌာနက ရေးသားဖော်ပြသည်။ 

Reuters သတင်းဌာနနှင့်ပြုလုပ်သော အင်တာဗျူးတစ်ခုတွင် ထရမ့်က မြောက်ကိုရီးယားနိုင်ငံအနေနှင့် နျူကလီးယားလက်နက် ဖြုတ်သိမ်းရေးအတွက် အခိုင်အမာ လုပ်ဆောင်ထားပြီဖြစ်သည်ဟု မိမိယုံကြည်ကြောင်း ပြောကြားသည်။ နိုင်ငံတကာအသိုင်းအဝိုင်းမှ လေ့လာစောင့်ကြည့်သူအများစုကမူ နျူကလီးယားလက်နက် ဖြုတ်သိမ်းရေးနှင့်ပတ်သက်သည့် ကင်ဂျုံအန်း၏ စိတ်သဘောထားအပေါ် သံသယဖြစ်လျက်ရှိသည်။ 

မြောက်ကိုရီးယားနှင့်ပတ်သက်၍ ကောင်းမွန်သည့်ကိစ္စရပ်များစွာဖြစ်ပေါ် လျက်ရှိသည်ဟု ထရမ့်က အခိုင်အမာပြောဆိုသည်။ သို့သော် ယင်းကိစ္စတွင် တရုတ်နိုင်ငံသည် ကူညီနိုင်သလောက်ကူညီပေးခဲ့ခြင်းမရှိကြောင်း ထရမ့်က မကျေမနပ်ဖြစ်ကာ ဝေဖန်သည်။ အကြောင်းမှာ တရုတ်သည် အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်ရေးအငြင်းအခုံ ဖြစ်နေသောကြောင့် ဖြစ်သည်ဟု ဆိုသည်။ 

ထရမ့်က ယခင်အမေရိကန်သမ္မတ အဆက်ဆက်သည် မြောက်ကိုရီးယားအရေးကိစ္စအတွက် နှစ်ပေါင်း ၃၀ ကျော်ကြာမျှ လုပ်ဆောင်ခဲ့သော်လည်း မိမိသည် သုံးလ မျှဖြင့် လုပ်ဆောင်နိုင်ခဲ့ကြောင်း ပြောကြားသွားသည်။ 

“(မြောက်ကိုရီးယားရဲ့) နျူကလီးယားစမ်းသပ်မှုကို ကျွန်တော်ရပ်ပစ်ခဲ့တာ။ ဒုံးကျည်စမ်းသပ်မှုကိုလည်း ကျွန်တော်ပဲ ရပ်ပစ်ခဲ့တာ။ ဂျပန်က စိတ်လှုပ်ရှားနေတယ်။ ဘာတွေဖြစ်လာမလဲပေါ့။ ဘယ်သူသိမှာလဲ ဘာဖြစ်မယ်ဆိုတာ။ ကျွန်တော်တို့ မြင်တွေ့လာရမှာပါ” ဟုထရမ့်က အင်တာဗျူးတွင် ပြောကြားသည်။ 

ဇွန်လ ၁၂ ရက်နေ့က ကျင်းပပြုလုပ်သည့် စင်ကာပူထိပ်သီးဆွေးနွေးပွဲတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက နျူကလီးယားနှင့် ဒုံးကျည်စမ်းသပ်ထုတ်လုပ်မှုများကို ရပ်ဆိုင်းမည်ဖြစ်သည်ဟု ကတိကဝတ်ပြုခဲ့သည်။ သို့သော် မည်သည့်အချိန်ကာလတွင် အပြီးတိုင် လက်နက်ဖြုတ်သိမ်းမည်ဟူသော အသေးစိတ်အစီအစဉ်ကို ထုတ်ဖော်ပြောဆိုမှုမပြုခဲ့ပေ။ 

ဆွေးနွေးပွဲအပြီး တစ်လခန့်အကြာတွင် မြောက်ကိုရီးယားအစိုးရက အမေရိကန်ပြည်ထောင်စုသည် နျူကလီးယားလက်နက်ကိစ္စတွင် ဂိုဏ်းစတားဆန်ဆန် ဖိအားပေးမှုများကို တစ်ဖက်သတ်ပြုလုပ်နေသည်ဟု စွပ်စွဲပြောဆိုခဲ့သည်။ ယင်းစွပ်စွဲချက်နှင့်ပတ်သက်၍ ဒေါ်နယ်ထရမ့်က တစ်စုံတစ်ရာ တုံ့ပြန်မှုမပြုဘဲ နှုတ်ဆိတ်နေခဲ့သည်။ 

ထရမ့်က စင်ကာပူထိပ်သီးဆွေးနွေးပွဲသည် သမိုင်းဝင်သော အောင်မြင်မှုတစ်ရပ်ဖြစ်သည်ဟုသာ ချီးမွမ်းခဲ့သည်။ အကြောင်းမှာ ကမ္ဘာကြီးတွင် မြောက်ကိုရီးယား၏ နျူကလီးယားခြိမ်းခြောက်မှုမရှိတော့သောကြောင့်ဖြစ်သည်ဟု ဆိုသည်။ 

ကင်ဂျုံအန်းနှင့် ထပ်မံတွေ့ဆုံရန် အလားအလာအလွန်ကောင်းသည်ဟု ထရမ့်၏ မှတ်ချက်စကားနှင့်ပတ်သက်၍ တောင်ကိုရီးယားသမ္မတရုံးက ဝါရှင်တန်နှင့် ပြုံယမ်းအကြား ဆက်ဆံရေးတိုးတက်ကောင်းမွန်သော လက္ခဏာတစ်ရပ်ပင်ဖြစ်ကြောင်း အင်္ဂါနေ့က ချီးမွမ်းလိုက်သည်။

F-01



FOLLOW US