News

POST TAGGED AS

အမေရိကန်

အက်ရှင်သရုပ်ဆောင် စတီဗင်ဆီးဂဲလ်ကို ဝါရှင်တန်-မော်စကိုဆက်ဆံရေးအတွက် အထူးကိုယ်စားလှယ်တော်အဖြစ် ရုရှားခန့်အပ်


မော်စကို၊ ဩဂုတ် ၆

အမေရိကန်ပြည်ထောင်စုနှင့် ရုရှား နှစ်နိုင်ငံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းလုပ်ဆောင်မှုအတွက် ဟောလိဝုဒ်သရုပ်ဆောင် စတီဗင်ဆီးဂဲလ်အား အထူးကိုယ်စားလှယ်အဖြစ် ရုရှားအစိုးရက ခန့်အပ်လိုက်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို CNN သတင်းဌာနက ရေးသားဖော်ပြသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ယင်း၏ တရားဝင် Facebook စာမျက်နှာ၌ ဖော်ပြရာတွင် အက်ရှင်သရုပ်ဆောင် စတီဗင်ဆီးဂဲလ်အနေနှင့် အမေရိကန်ပြည်ထောင်စုနှင့် ရုရှားနှစ်နိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးသည့် အခန်းကဏ္ဍမှ တာဝန်ယူသွားမည်ဖြစ်သည်ဟု ဖော်ပြသည်။ 

အဆိုပါ အထူးကိုယ်စားလှယ်ရာထူးသည် ကုလသမဂ္ဂစေတနာ့အမှုထမ်း သံအမတ်ကြီးရာထူးကဲ့သို့ပင် လုပ်အားရယူခြင်းမရှိဘဲ ထမ်းဆောင်ရမည်ဖြစ်သည်ဟု ထုတ်ပြန်ချက်ကဆိုသည်။ 

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က ရုရှားနိုင်ငံ သားဖြစ်လာခဲ့သူ စတီဗင်ဆီးဂဲလ်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ရင်းနှီးသော မိတ်ဆွေ သူငယ်ချင်းလည်းဖြစ်သည်။ ပြီးခဲ့သည့်မေလက ကျင်းပပြုလုပ်သော ဗလာဒီမာပူတင် သမ္မတအဖြစ် ထပ်မံကျမ်းသစ္စာကျိန်ဆိုပွဲသို့လည်း စတီဗင်ဆီးဂဲလ် တက်ရောက်ခဲ့သည်။ 

CNN သတင်းရေးသားဖော်ပြချက်အရ စတီဗင်ဆီးဂဲလ်သည် သမ္မတပူတင်ကို အခိုင်အမာထောက်ခံသူတစ်ဦးဖြစ်ပြီး အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ရုရှားနိုင်ငံ ဝင်ရောက်စွက်ဖက်ခဲ့သည်ဟူသော စွပ်စွဲချက်များကိစ္စတွင် ရုရှားဘက်မှ အခိုင်အမာ ခုခံကာကွယ်ပြောဆိုပေးခဲ့သည်။ 

ဗြိတိန်ရုပ်မြင်သံကြားကွန်ရက် တစ်ခုဖြစ်သော ITV က ယမန်နှစ်က ထုတ်လွှင့်သွားသော အစီအစဉ်တစ်ခုတွင် စတီဗင်ဆီးဂဲလ်က “မင်္ဂလာနံနက်ခင်းပါ ဗြိတိန်။ ရွေးကောက်ပွဲမှာ သမ္မတပူတင်က စိတ်ကြိုက်ရလဒ်တွေဖြစ်လာအောင် ဝင်ရောက်ခြယ်လှယ်တယ်၊ ဒါမှမဟုတ် ရုရှားမှာ အဲဒီလိုခြယ်လှယ်လို့ရတဲ့ နည်းပညာတွေရှိတယ်လို့ တွေးမယ်ဆိုရင် အဲဒီလိုမျိုး တွေးမိတဲ့သူဟာ မိုက်မဲတဲ့သူတစ်ယောက်လို့ ပြောပါရစေ” ဟု ပြော ကြားသွားသည်။ 

အင်တာဗျူးတစ်ခုတွင်လည်း စတီဗင်ဆီးဂဲလ်က သမ္မတဗလာဒီမာပူတင်သည် ကြီးမြတ်သည့် ကမ္ဘာ့ခေါင်းဆောင်တစ်ဦးဖြစ်သလို ထူးချွန်ထက်မြက်သည့် နည်းဗျူဟာသမားလည်းဖြစ်သည်ဟု ဖြေကြားခဲ့သည်။ 

၂၀၁၃ ခုနှစ်က BuzzFeed ၏ သတင်းတစ်ပုဒ်တွင် စတီဗင်ဆီးဂဲလ်သည် အမေရိကန်ပြည်ထောင်စုနှင့် ရုရှားနှစ်နိုင်ငံကြား ဆက်ဆံရေး တိုးတက်ကောင်းမွန်လာရေးအတွက် ကူညီပေးမည့် ရုရှားသံတမန်ကောင်းတစ်ဦးဖြစ်သည်ဟု သမ္မတ ပူတင်က အမေရိကန်သမ္မတ အိုဘားမား (ယခုငြိမ်း) ကို ပြောကြားခဲ့သည်ဟုဆိုသည်။

F-01



FOLLOW US