News

POST TAGGED AS

အမေရိကန်

မိန်းမအင်္ဂါ နဂိုရည်အတိုင်း ပြန်ဖြစ်စေသည့် ကုထုံးသည် ဘေးအန္တရာယ်ဖြစ်နိုင်


ဝါရှင်တန် ဩဂုတ် ၂

အမေရိကန်နှင့် ယူကေပုဂ္ဂလိက ဆေးခန်းအချို့တွင် ပြုလုပ်ပေးနေသော အမျိုးသမီးအင်္ဂါ နဂိုအတိုင်း ပြန်ကျဉ်းစေရန် ပုံသွင်းပေးသည့် ကုထုံးသည် အပူလောင်ခြင်း၊ အမာရွတ်ဖြစ်ခြင်း၊ မကြာခဏနာကျင်ခြင်း စသောဘေးအန္တရာယ်များရှိသည်ဟု ကျွမ်းကျင်သူများက သတိပေးလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အဆိုပါကုထုံးတွင် အတွင်းတစ်ရှူးကို လေဆာဖြင့် အပူပေးရန်အတွက် probe ခေါ် ကိရိယာကို မိန်းမအင်္ဂါအတွင်းသို့ ထိုးသွင်းရသည်။ ကုထုံးသည် ခွဲစိတ်မှုမဟုတ်ဘဲ နေ့လယ်စာစားချိန်အတွင်းမှာပင် ပြုလုပ်နိုင်သော်လည်း ဘေးကင်းခြင်းမရှိဟု ကျန်းမာရေးအာဏာပိုင်များက ပြောကြားသည်။

စွမ်းအင်သုံး လေဆာကိရိယာများသည် မိန်းမအင်္ဂါလမ်းကြောင်းအတွင်းရှိ ကင်ဆာဖြစ်နိုင်သော ဆဲလ်များ၊ အဖုများကို ဖျက်ဆီးရန်အတွက် ထုတ်လုပ်ထားခြင်းဖြစ်သော်လည်း နဂိုရည်အတိုင်း ပြန်ကျဉ်းစေသည့် ကုထုံးအတွက် စမ်းသပ်ထားခြင်းမရှိပေ။

ထိုသို့ ကောင်းကျိုးရလဒ် သက်သေမရှိဘဲ အန္တရာယ်များသည့်ကုထုံးကို ဆက်လက်ဈေးကွက်တင်နေပါက အရေးယူဆောင်ရွက်သွားမည်ဟု အမေရိကန် အစားအစာနှင့် ဆေးဝါးအာဏာပိုင်အဖွဲ့ FDA က ပြောကြားသည်။

အဆိုပါကုထုံးသည် သွေးဆုံးကိုင်ခြင်း၊ ဆီးမထိန်းနိုင်ခြင်းနှင့် လိင်မှုဆိုင်ရာ ချို့ယွင်းမှုများကို ကုသပေးနိုင်သည်ဟု ကြေညာသူ အရေအတွက် တိုးပွားလာပြီး ထိုကိရိယာများသည် အဆိုပါဖော်ပြချက်များအတွက် အထောက်အကူပြုကြောင်း လုံလောက်သည့် အထောက်အထားမရှိဟု FDA က ပြောကြားသည်။

ဗြိတိန်မှ ပလတ်စတစ်ဆာဂျရီ ပါမောက္ခ ပေါလ်ဘန်းဝဲလ်က “အမျိုးသမီးတွေရဲ့ကျန်းမာရေးနဲ့ လိင်မှုရေးရာ စိတ်ပါဝင်စားမှုက တစ်ဟုန်ထိုး မြင့်တက်လာပါတယ်။ ဒါတွေက အားပေးသင့်တယ်ဆိုပေမယ့်လည်း ပုံကြီးချဲ့ လှည့်စားတာမျိုးမပါဘဲ အထူးသတိထားပြီး ကုသပေးရမှာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။

ယူကေ တော်ဝင်သားဖွားမီးယပ် ကောလိပ်မှ ဒေါက်တာ ဗန်နီဆာမက်ကေးကလည်း “ခွဲစိတ်မှုမဟုတ်တဲ့ ဒီလေဆာကိရိယာတွေဟာ မိန်းမအင်္ဂါကြွက်သားတွေ ပြန်လည်တင်းရင်းသွားစေဖို့ ထိရောက်မှု ရှိတယ်ဆိုတဲ့ အထောက်အထားတွေ မရှိပါဘူး။ အမျိုးသမီးတွေအနေနဲ့ ဒီကိစ္စကို သောကရောက်နေတယ်ဆိုရင် ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်တွေနဲ့ တိုင်ပင်သင့်ပါတယ်။ ပြီးတော့ မိန်းမအင်္ဂါဆိုတာ လူတစ်ဦးနဲ့တစ်ဦး အရောင်၊ ပုံပန်းသဏ္ဌာန်၊ အရွယ်အစားကအစ ကွာခြားမှုရှိတယ်ဆိုတာကို မမေ့ကြဖို့ အရေးကြီးပါတယ်”ဟု ပြောကြားသည်။

“တကယ်လို့ မိန်းမအင်္ဂါတစ်ဝိုက်က ကြွက်သားတွေ တင်းရင်းဖို့နဲ့ လိင်မှုရေးရာ ခံစားသက်ဝင်မှု အားကောင်းစေဖို့အတွက်ဆိုရင် တင်ပါးဆုံအောက်ပိုင်း လေ့ကျင့်ခန်းတွေကို စမ်းသပ်ကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်” ဟု သူမကဆိုသည်။

တင်ပါးဆုံအောက်ပိုင်း လေ့ကျင့်ခန်းသည် ဒူးနှစ်ဖက်ကို အနေတော်ခွာပြီး သက်သောင့်သက်သာထောက်၍ ထိုင်ထားပြီးမှ ဆီးမသွားအောင် တားထားသကဲ့သို့ ခွဆုံကြွက်သားများကို ညှစ်ရခြင်းဖြစ်သည်။ လေ့ကျင့်ခန်းပြုလုပ်နေစဉ် ဝမ်းဗိုက်၊ တင်ပါးနှင့်ပေါင်ကြွက်သားများကို တင်းမထားရပါ။ ဆယ်ကြိမ်ခန့် ဖြည်းညင်းစွာညှစ်ပါ။ တစ်ကြိမ်ညှစ်လျှင် ၁၀ စက္ကန့်ခန့် ထိန်းထားပါ။ ကြာချိန်ကို ၁၀ စက္ကန့်အထိ ရောက်အောင် တဖြည်းဖြည်းတိုးပါ။ ကြာကြာညှစ်ထားလိုက်၊ မြန်မြန်ညှစ်လိုက် တစ်လှည့်စီ ပြုလုပ်ပါ။ တစ်နေ့လျှင် သုံးခါ၊ လေးခါ လေ့ကျင့်ပါ။

အမျိုးသမီးများသည် ကလေးမွေးခြင်း၊ မိခင်နို့တိုက်ရခြင်း၊ လိင်မဆက်ဆံမီ အစပျိုး လှုံ့ဆော်ပေးမှုမရှိခြင်း၊ သန္ဓေတားဆေးများသုံးခြင်း၊ သွေးဆုံးကိုင်ခြင်း စသည့်အကြောင်းများကြောင့် မိန်းမအင်္ဂါ ခြောက်သွေ့မှု ဖြစ်ပေါ်လေ့ရှိသည်။ ထိုသို့ ကြုံတွေ့ရပါက ပညာရှင်ထံ သွားရောက်မတိုင်ပင်မီ မိန်းမအင်္ဂါ အစိုဓာတ်ထိန်းပေးသည့် ဂျယ်လ်များကို စမ်းသပ်သုံးစွဲသင့်ပြီး ထိရောက်မှုမရှိမှသာ ဆရာဝန်ထံ သွားရန်နှင့် ဆရာဝန်က အီစထရိုဂျင်ဆေးများကို ညွှန်းပေးလိမ့်မည်ဟု ယူကေ တော်ဝင် သားဖွားမီးယပ်ကောလိပ်က ပြောကြားထားသည်။  

F-04



FOLLOW US