News

POST TAGGED AS

အမေရိကန်

အမေရိကန်နှင့် ဥရောပသမဂ္ဂအကြား အခွန်စည်းကြပ်မှု သုညအထိ ပြန်လျှော့ရေးဆောင်ရွက်မည်ဟု ထရမ့်နှင့်ယန်ကာ သဘောတူ


ဝါရှင်တန်၊ ဇူလိုင် ၂၆

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် ဥရောပကော်မရှင် ဥက္ကဋ္ဌ ယန်း-ကလောက်ဒီယန်ကာတို့သည် ဇူလိုင်လ ၂၅ ရက်နေ့တွင် အိမ်ဖြူတော်၌ တွေ့ဆုံခဲ့ကြပြီး လွန်ခဲ့သောလအနည်းအတွင်း ထရမ့်၏ ထိပ်တိုက်ရင်ဆိုင်ရေးကုန်သွယ်မှု မူဝါဒကြောင့် ဖြစ်ပေါ်လာသောကုန်သွယ်ရေး တင်းမာမှုများကို ဖြေလျှော့ရန် ကြိုးပမ်းခဲ့ကြောင်း DW သတင်းဌာနက ဖော်ပြသည်။

ကမ္ဘာ့ကုန်သွယ်ရေး၏ ၅၀ ရာခိုင်နှုန်းအထိရှိသော အမေရိကန်နှင့် ဥရောပသမဂ္ဂ (EU) အကြား ဆက်ဆံရေးတင်းမာနေခဲ့ပြီးနောက် ယခုကဲ့သို့ ညှိနှိုင်းခဲ့ကြခြင်းဖြစ်သည်။

အိမ်ဖြူတော် နှင်းဆီဥယျာဉ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထရမ့်နှင့် ယန်ကာတို့က သဘောတူညီနိုင်ခဲ့သော မျှော်မှန်းချက်များကို ထုတ်ပြန်ကြေညာခဲ့သည်။

အဓိကအချက်အနေနှင့် အကောက်ခွန်စည်းကြပ်မှု သုည၊ အကောက်ခွန်မဟုတ်သော ကန့်သတ်ချက်များ သုညအထိ ရောက်ရှိရန်၊ ကားလုပ်ငန်းမဟုတ်သော အခြားလုပ်ငန်းနယ်ပယ်မှ ကုန်စည်များအပေါ်တွင် အစိုးရက အရှုံးခံကာကွယ်ပေးမှုများ သုညအထိလျှော့ချရန် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂကလည်း အဖွဲ့၏ စွမ်းအင်လိုအပ်ချက်အတွက် ရွေးချယ်စရာ ပိုများစေရန် အမေရိကန်မှ သဘာဝဓာတ်ငွေ့ရည် အမြောက်အမြား တင်သွင်းမည်ဖြစ်သလို အမေရိကန် ပဲပိစပ် တင်သွင်းမှုကိုလည်း တိုးမြှင့်မည်ဟု သိရသည်။

နှစ်ဖက်စလုံးက နောက်ထပ် အကောက်ခွန်စည်းကြပ်မှုများ ထပ်မံမချမှတ်ရန် သဘောတူညီခဲ့ပြီး ရှိပြီးသား အမေရိကန်၏ သံမဏိနှင့်အလူမီနီယမ်အပေါ် စည်းကြပ်မှုများကိုလည်း ပြန်လည်သုံးသပ်သွားရန် အမေရိကန်ဘက်က သဘောတူခဲ့သည်။

အမေရိကန်အပေါ် မမျှမတဆက်ဆံသည့် အဖွဲ့အစည်းဟု ထရမ့်က စွပ်စွဲထားသည့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ကိုလည်း ပြုပြင်ပြောင်းလဲရေး လက်တွဲဆောင်ရွက်ရန် အမေရိကန်နှင့် ဥရောပသမဂ္ဂအကြား သဘောတူနိုင်ခဲ့ကြသည်။

ကုန်သွယ်ရေး အတားအဆီးများကိုသာ နောက်ပိုင်းဆက်လက်ဆွေးနွေးမှုများဖြင့် တဖြည်းဖြည်းလျှော့ချနိုင်ခဲ့ပါက ထရမ့်၏ ကိုယ်ကျိုးစီးပွားကာကွယ်ရေး မူဝါဒ ပြန်လည်အလျှော့ပေးလိုက်ခြင်းဟု မှတ်ယူစရာရှိပြီး အမေရိကန်ကုန်သွယ်ရေးအတွက် ရန်သူဟုသူသုံးနှုန်းခဲ့သော ဥရောပအပေါ် ဆက်ဆံရေးပြန်လည်ဖြေလျှော့လိုက်ခြင်းဟု ဆိုနိုင်သည်။

သို့သော်လည်း “ကားလုပ်ငန်းမဟုတ်သော အခြားလုပ်ငန်းနယ်ပယ်များ” ဆိုသော အသုံးအနှုန်းအရ ထရမ့်သည် သူစီစဉ်ထားသည့်အတိုင်း ကားတင်သွင်းမှုများ အပေါ်တွင်မူ အခွန်စည်းကြပ်မှု ၂၅ ရာခိုင်နှုန်းအထိ ကောက်ခံသွားဖွယ်ရှိသည်။ ယင်းမှာ ဂျာမန်ကားကုမ္ပဏီများဖြစ်သော BMW နှင့် Volkswagen တို့အပေါ် ထိခိုက်လာနိုင်သည်။

ဥရောပသမဂ္ဂသည် ရုရှားထံမှ စွမ်းအင်ကို အဓိကဝယ်ယူနေမှုကိုလည်း ထရမ့်က ဝေဖန်ထားခဲ့ရာ အမေရိကန်မှ သဘာဝဓာတ်ငွေ့ရည်ကိုပါ အမြောက်အမြားဝယ်ယူရန် ကတိရလိုက်ခြင်းမှာ ထရမ့်အတွက် အသာစီးရမှုဖြစ်စေခဲ့သည်။

ယင်းအပြင် ထရမ့်ဝေဖန်ထားသည့် ကိစ္စဖြစ်သည့် တရုတ်၏ နိုင်ငံတော် ကွပ်ကဲသောစီးပွားရေးက အသာစီးရနေမှုအပေါ် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကကိုင်တွယ်နိုင်ခြင်း မရှိသည့်အပေါ်တွင် ဖိအားပေးရန်လည်း ဥရောပသမဂ္ဂက ပူးပေါင်းပေးမည့် အလားအလာမျိုး မြင်တွေ့ခဲ့ရသည်။ အမေရိကန် ပဲပိစပ်ဝယ်ယူရန် ဥရောပကကတိပေးခဲ့ရခြင်းသည်လည်း ထရမ့်အတွက် အောင်ပွဲဖြစ်ခဲ့သည်။  

F-03



FOLLOW US