News

POST TAGGED AS

အမေရိကန်

မြောက်ကိုရီးယား နျူကလီးယားဖြုတ်သိမ်းရေးအတွက် အချိန်ကန့်သတ်ချက်မရှိဟု သမ္မတထရမ့်ဆိုပြန်


ဝါရှင်တန်၊ ဇူလိုင် ၁၈

မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်းနှင့် စင်ကာပူ၌တွေ့ဆုံစဉ်ရရှိခဲ့သော သဘောတူညီချက်အရ နျူကလီးယားလက်နက်ဖြုတ်သိမ်းရေးကိစ္စကို အစောတလျင် လုပ်ဆောင်ရန် မလိုအပ်ဟု သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောကြားလိုက်ကြောင်း CNA သတင်းဌာနက ရေးသားဖော်ပြသည်။ 

သမ္မတထရမ့်သည် မြောက်ကိုရီးယားနျူကလီးယားလက်နက် ဖြုတ်သိမ်းရေးကိစ္စကို မကြာခင်စတင်တော့မည်ဖြစ်သည်ဟု ပြောဆိုထားရာမှ ယခုလိုထပ်မံ ပြောင်းလဲပြောဆိုခြင်းဖြစ်သည်။ 

“ဆွေးနွေးမှုတွေ လုပ်နေပါတယ်၊ အင်မတန်လည်း အခြေအနေကောင်းပါတယ်။ ကျွန်တော်တို့မှာ အချိန်ကန့်သတ်ချက်မရှိဘူး၊ မြန်နှုန်းလည်းကန့်သတ်မထားဘူး”ဟု ၎င်းက သတင်းထောက်များကို ပြောကြားသည်။ 

သမ္မတထရမ့်က ၎င်းသည် တနင်္လာနေ့က ဟယ်လ်ဆင်ကီးတွင် ရုရှားသမ္မတဗလာဒီမာပူတင်နှင့် တွေ့ဆုံရာ၌ မြောက်ကိုရီးယားကိစ္စကို ထည့်သွင်းဆွေးနွေးခဲ့သည်ဟု ပြောကြားသည်။ 

“သမ္မတပူတင်အနေနဲ့လည်း ကျွန်တော်တို့နဲ့အတူ လက်တွဲထားတယ်ဆိုတဲ့ သဘောတရားနဲ့ ဒီကိစ္စမှာပါဝင်ပတ်သက်မှုရှိလာမှာပါ”ဟု ထရမ့်က ဆက်လက်ပြောကြားသည်။ 

ရီပတ်ဘလစ်ကန်သမ္မတဖြစ်သူ ဒေါ်နယ်ထရမ့်သည် ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် စင်ကာပူနိုင်ငံတွင် သမိုင်းဝင်ထိပ်သီးဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပပြုလုပ်နိုင်ခဲ့သည်။ ယင်းဆွေးနွေးပွဲတွင် ကင်ဂျုံအန်းက နျူကလီးယားလက်ကန် ဖြုတ်သိမ်းမည်ဖြစ်သည်ဟု ထပ်မံကတိပေးပြောဆိုသွားသည်။ 

ထရမ့်နှင့် ကင်ဂျုံအန်းတို့သည် စင်ကာပူထိပ်သီးဆွေးနွေးပွဲ၌ သဘောတူညီချက်ရရှိခဲ့သော်လည်း နျူကလီးယားလက်နက်ဖြုတ်သိမ်းရေးအတွက် အချိန်အတိအကျကို ထုတ်ပြန်ခြင်းမရှိသလို မည်သို့မည်ပုံ လုပ်ဆောင်သွားကြမည် ဟူသည်ကိုလည်း ထုတ်ဖော်ထားခြင်းမရှိပေ။ 

လက်ရှိအချိန်တွင် သံတမန်ကြီးများက နျူကလီးယားလက်နက်ဖြုတ်သိမ်းရေးနှင့်ပတ်သက်သည့် အသေးစိတ်အစီအစဉ်ကို အတိအကျထုတ်ပြန်ရန် မျှော်လင့်လျက်ရှိသည်။ ဇွန်လ ၁၂ ရက်ထိပ်သီးဆွေးနွေးပွဲ ပြီးဆုံးခဲ့သည်မှာ တစ်လကြာပြီဖြစ်သော်လည်း ယနေ့အချိန်အထိ တိကျရေရာသော အစီအစဉ်တစ်ရပ် ထုတ်ပြန်နိုင်ခြင်းမရှိပေ။ မြောက်ကိုရီးယားအစိုးရကဆိုလျှင် အမေရိကန်တို့သည် တစ်ဖက်သတ် တောင်းဆိုမှုများပြုလုပ်နေသည်ဟုပင် စွပ်စွဲပြောဆိုလာသည်ကို တွေ့ရသည်။ 

ယင်းထိပ်သီးဆွေးနွေးပွဲမတိုင်မီ သီတင်းပတ်များအတွင်း ထရမ့်အုပ်ချုပ်ရေးအဖွဲ့က နျူကလီးယားဖြုတ်သိမ်းရေးကိစ္စကို နှောင့်နှေးမှုမရှိစေဘဲ စတင်လုပ်ဆောင်သွားမည်ဟု ဆိုခဲ့သည်။ ထိပ်သီးဆွေးနွေး ပွဲပြီးစတွင်မူ အလျင်အမြန် အကောင်အထည်ဖော်သွားတော့မည်ဖြစ်သည်ဟု ဆိုခဲ့ပြန်သည်။  

F-01



FOLLOW US