News

POST TAGGED AS

အမေရိကန်

လူ့ခန္ဓာကိုယ်ကို ပထမဆုံး ရောင်စုံဓာတ်မှန် ရိုက်နိုင်တော့မည်


ပဲရစ်၊ ဇူလိုင် ၁၄

နယူးဇီလန် သိပ္ပံပညာရှင်များသည် ရောဂါရှာဖွေစစ်ဆေးမှုနယ်ပယ်ကို တိုးတက်စေမည့် နည်းပညာသစ်တစ်ခုအဖြစ် လူ့ခန္ဓာကိုယ်ကို ပထမဆုံး သုံးဖက်မြင် 3D ရုပ်လုံးကြွ ရောင်စုံဓာတ်မှန် ရိုက်နိုင်ရန် တီထွင်ခဲ့ကြသည်ဟု တီထွင်မှုတွင် ပူးပေါင်းပါဝင်ခဲ့သော ဥရောပ CERN ရူပဗေဒ ဓာတ်ခွဲခန်းကုမ္ပဏီက ပြောကြားကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။

သမားရိုးကျ အဖြူအမည်းဓာတ်မှန်ကို အခြေခံထားသော ကိရိယာသည် ၂၀၁၂ ခုနှစ်က CERN အတွက် ပြုလုပ်ပေးခဲ့သော ပုံရိပ်ဖမ်းရန် ခက်ခဲသည့် Higgs Boson particle အမှုန်ကို ခြေရာခံရှာဖွေနိုင်သော နည်းပညာဖြင့် ပေါင်းစပ်ထားခြင်းဖြစ်သည်။

ရောင်စုံဓာတ်မှန် နည်းပညာသည် ပိုမိုရှင်းလင်းတိကျသော ပုံရိပ်များကို ထုတ်လုပ်ပေးနိုင်ပြီး ဆရာဝန်များအား လူနာများ၏ ရောဂါအမည်ကို ပိုမိုတိကျစွာ စစ်ဆေးသတ်မှတ်နိုင်အောင် ကူညီပေးနိုင်မည်ဟု CERN ကုမ္ပဏီကြေညာချက်တွင် ဖော်ပြထားသည်။

CERN ၏ နည်းပညာသည် ဓာတ်မှန်ကင်မရာ အလင်းဖမ်းတံခါး shutter ပွင့်နေချိန်တွင် တွေ့ထိမိသော အက်တမ်အမှုန်များကို ထောက်လှမ်း၍ ရေတွက်ပေးနိုင်သော Medipix ကဲ့သို့သော ကင်မရာလုပ်ဆောင်ချက်မျိုးကိုလည်း ပေါင်းစည်းထားသည်။

ထို့အတွက်ကြောင့် ချောမွေ့ညက်ညောကာ အလင်းအမှောင် ပြတ်သားသောပုံရိပ်များကို ရရှိမည်ဖြစ်သည်။

ယခုဓာတ်မှန် ကိရိယာသစ်၏ သေးငယ်သော pixels များဖြင့် တိကျသော ပုံရိပ်ဖော်နိုင်မှုကြောင့် အခြားဓာတ်မှန်စက်များတွင် မရနိုင်သည့် ပုံရိပ်များကိုရရှိစေသည်ဟု ကင်တာဗျူရီတက္ကသိုလ်မှ တီထွင်သူ ဖီးလ်ဘတ်လတာက ပြောကြားသည်။

CERN ၏ အဆိုအရ ဓာတ်မှန်ပုံရိပ်များသည် အရိုး၊ အရိုးနုနှင့် ကြွက်သားများအကြား ပြတ်သားမှုကိုပုံဖော်နိုင်သည့်အပြင် ကင်ဆာအဖုအကျိတ်၏ တည်နေရာနှင့် အရွယ်အစားကိုပါ တိကျစွာ ပုံဖော်နိုင်သည်ဟုသိရှိရသည်။

နည်းပညာသစ် တီထွင်သော အော်တာဂိုနှင့် ကင်တာဗျူရီတက္ကသိုလ်များနှင့် ချိတ်ဆက်ထားသော နယူးဇီလန် MARS ဇီဝပုံရိပ်ကုမ္ပဏီက ဓာတ်မှန်စက်သစ်ကို ဈေးကွက်တင် ထုတ်လုပ်ဖြန့်ချိမည်ဖြစ်သည်။

F-04



FOLLOW US