News

POST TAGGED AS

အမေရိကန်

ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒကို မကျေနပ်သူထောင်ပေါင်းများစွာအမေရိကတွင် ချီတက်ဆန္ဒပြ


ဝါရှင်တန်၊ ဇူလိုင် ၁

အမေရိကန်နယ်စပ်ဒေသများတွင် ရွှေ့ပြောင်းအခြေချမိသားစုများအားမိဘ တခြား၊ ကလေးငယ်များ တခြားကန့်သတ်ခွဲခြားကာ ထိန်းသိမ်းထားရှိသည့် သမ္မတ ထရမ့်အုပ်ချုပ်ရေးအဖွဲ့၏ တင်းမာသည့် မူဝါဒနှင့် အစီအစဉ်များကို ဆန့်ကျင်ကန့်ကွက်သူ ထောင်ပေါင်းများစွာက အမေရိက မြို့ကြီးများတွင် ဇွန်လ ၃၀ ရက်နေ့က ချီတက်ဆန္ဒပြခဲ့ကြကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။ 

ဝါရှင်တန်မြို့တွင် ဆန္ဒပြသူ ထောင်ပေါင်းများစွာသည် Lafayette Square ပန်းခြံထဲတွင် ဦးစွာစုဝေးပြီး လွှတ်တော်ရှိရာသို့ ချီတက်ခဲ့ကြသည်။ ယင်းသို့မချီတက်မီ ဆန္ဒပြသူများမှာနာကြည်းဒေါသထွက်မှုနှင့် ဝမ်းနည်းပူဆွေးမှုတို့ ရောထွေးလျက်ရှိသည်ကို တွေ့ရကြောင်း သတင်းဌာနများက ဖော်ပြသည်။ 

“နယ်စပ်ဒေသတွေ၊ နယ်စည်းတွေဆိုတာကို ကျွန်တော်တို့ မယုံကြည်ဘူး၊ တံတိုင်းကြီးတွေထားရမယ့်ကိစ္စကိုလည်း မယုံဘူး” ဟူသော စာတန်းများကိုကိုင်ဆောင်ကာ ချီတက်ဆန္ဒပြကြသလို အချို့က “မိသားစုတွေဆိုတာ တစ်ပေါင်းတည်းရှိရမယ်”ဟူသည့် စာတန်းများကို ကိုင်ဆောင်ထားကြသည်။

အမေရိကနှင့် မက္ကဆီကိုနယ်စပ် ဒေသတွင် မိသားစုဆွေမျိုးသားချင်းများနှင့် သီးခြားခွဲထားသောကြောင့် အော်ဟစ်ငိုကြွေးနေသည့် ကလေးငယ်တစ်ဦး၏ အသံကို ဆန္ဒပြသူများက လော်စပီကာများဖြင့် ဖွင့်ပြကြသည်။

မိမိ၏သားငယ်နှင့် နယ်စပ်ဒေသတွင် တစ်သီးတခြားစီထားကာ ထိန်းသိမ်းခံခဲ့ရသော ဘရာဇီးလူမျိုး အမျိုးသမီးတစ်ဦးက “ကျွန်မသားလေးနဲ့ ကိုးလတိတိခွဲနေခဲ့ရတာ၊ လုံးဝ မဖြစ်သင့်တဲ့ကိစ္စပါ” ဟု ပြောကြားသည်။ 

ဆန္ဒပြသူများက “ရှက်ဖို့ကောင်းတယ်၊ ရှက်ဖို့ကောင်းတယ်” ဟုလည်း ထရမ့်အစိုးရ၏မူဝါဒနှင့်ပတ်သက်၍ အော်ဟစ်ဝေဖန်ခဲ့ကြသည်။ 

ထိုနေ့က ဝါရှင်တန်တွင် အပူချိန် ၃၃ ဒီဂရီစင်တီဂရိတ်ရှိရာ အမေရိကန်တို့အတွက် အတော်ပင်ပူပြင်းသည့်ရာသီဥတု ဖြစ်ခဲ့သည်။ သို့သော် နေရောင်အောက်တွင်ပင် ထရမ့်၏ မူဝါဒကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။ 

သို့သော်လည်း ဒေါ်နယ်ထရမ့်မှာ နယူးဂျာစီမြို့ရှိ ထရမ့်အမျိုးသား ဂေါက်ကလပ်တွင် အပန်းဖြေနေသောကြောင့် ဆန္ဒပြသူများ၏ အသံများကို မကြားနိုင်သလို ပိုစတာများကိုလည်း မမြင်တွေ့နိုင်ခဲ့ပေ။ 

အမေရိကန်ပြည်ထောင်စုသည် တရားမဝင် ဝင်ရောက်လာသူများအတွက် ခိုလှုံရာ ဌာနေမဟုတ်သလို ယင်းသို့ ဝင်ရောက်လာသူများကို တရားစီရင်မှုမပြုဘဲ ချက်ချင်း မောင်းထုတ်ပစ်သင့်သည်ဟူသော ထရမ့်၏ မှတ်ချက်စကားကိုလည်း ဆန္ဒပြသူများက မကျေမနပ်ဖြစ်လျက်ရှိသည်။

“ခိုလှုံခွင့်ရဖို့ကြိုးစားနေသူတွေဟာ ရာဇဝတ်ကောင်တွေမဟုတ်ပါဘူး”ဟု ရေးသားထားသောဆိုင်းဘုတ်ကို ဆန္ဒပြသူတစ်ဦးက ကိုင်ဆောင်ထားသည်။ 

သမ္မတထရမ့်အုပ်ချုပ်ရေးအဖွဲ့သည် တောင်ပိုင်း မက္ကဆီကိုနယ်စပ်ဒေသမှ အမေရိကထဲသို့ လစဉ် တရားမဝင်ရွှေ့ ပြောင်းအခြေချသူ ထောင်ပေါင်းများစွာကို ထိန်းချုပ်ရန် ပြီးခဲ့သည့်မေလက စတင်ကာ တရားမဝင် ဝင်ရောက်သူ(အရွယ်ရောက်ပြီးသူများ) ကို ဖမ်းဆီးရန် အမိန့်ထုတ်ခဲ့သည်။ ထိုထဲတွင် နိုင်ငံရေးခိုလှုံခွင့်တောင်းခံမည့်သူများပါ ပါဝင်သည်။ 

အမေရိက-မက္ကဆီကိုနယ်စပ်ဒေသမှ တစ်ဆင့်ဝင်ရောက်လာသူများထဲတွင် ဒုစရိုက်သမား ဝရမ်းပြေးများနှင့် အခြားလူဆိုးဂုဏ်းဝင်များလည်း ပါဝင်သည်ဟု အာဏာပိုင်များက ယုံကြည်ထားသည်။

ထိုသို့ တရားမဝင် ဝင်ရောက်လာသူ လူဆိုးဂိုဏ်းများကို ဖြိုခွင်းနှိမ်နင်းသည့် အစီအစဉ်ကြောင့် အခြားရွှေ့ပြောင်းအခြေချ မိသားစုများမှာ တကွဲတပြားစီဖြစ်ခဲ့ကြရသည်။ ပြည်တွင်းမှ လူ့အခွင့်အရေးအုပ်စုများသာမက ဇနီးနှင့်သမီးဖြစ်သူတို့ကပါ ယင်းမူဝါဒကိုအဆုံးသတ်ရန် တောင်းဆိုခဲ့သောကြောင့် ထရမ့်သည် ကလေးများနှင့် လူကြီးများကို သီးခြားစီခွဲခြားထားရှိကာ ထိန်းသိမ်းထားသည့်အစီအစဉ် ရပ်ဆိုင်းရန် ညွှန်ကြားချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ သို့သော် ကလေးငယ်များနှင့် မိဘများ ပြန်လည်ဆုံတွေ့စေမည့် လုပ်ငန်းစဉ်သည် အချိန်ယူရမည်ဖြစ်သလို အုတ်အော် သောင်းတင်းဖြစ်မည့်အနေအထားတွင်လည်း ရှိနေသည်။

F-01



FOLLOW US