News

POST TAGGED AS

အမေရိကန်

အမေရိကန် ပြည်တွင်းသတင်းစာတိုက်တစ်ခုကို သေနတ်သမားဝင်ပစ်၊ သတင်းစာဝန်ထမ်းများ သေဆုံးခဲ့သော်လည်း နောက်နေ့တွင် သတင်းစာ ပုံမှန်ထွက်


ဝါရှင်တန်၊ ဇွန် ၂၉

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့အရှေ့ဘက်ရှိ အန်နာပိုးလစ်မြို့အခြေစိုက် သတင်းစာတစ်စောင်ဖြစ်သော Capital Gazette (ကက်ပီတယ်ဂေဇက်) ၏ သတင်းစာတိုက်တွင်းသို့ သေနတ်သမားတစ်ဦးဝင် ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူငါးဦးသေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်း AFP သတင်းဌာနက ရေးသားဖော်ပြသည်။ 

ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်အရ သေနတ်သမားသည် လူဖြူတစ်ဦးဖြစ်ပြီး အသက် ၄၀ အရွယ်နီးပါးရှိကြောင်း၊ ၎င်းကိုယခုအခါ ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး စစ်ကြောမေးမြန်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ သေနတ်သမားသည် ရိုက်ဖယ် သို့မဟုတ် သေနတ်အတိုတစ်လက်ဖြင့် သတင်းစာတိုက်၏ သတင်းခန်းထဲသို့ တစ်ဦးတည်း ဝင်ရောက်လာကာ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဘာလ်တီမိုးနှင့် နယူးယောက်စီတီတို့တွင် မီဒီယာရုံးခန်းများကို တပ်လှန့်ထားပြီး လုံခြုံရေးတပ်ဖွဲ့များက အကာအကွယ်ပေးထားသည်ဟု အာဏာပိုင်များက ဆိုသည်။

“သေနတ်သမားကိုအချုပ်ထဲမှာ ဖမ်းထားပြီး စစ်ကြောရေးလုပ်နေပါတယ်”ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲချုပ် အန်နာအွန်ဒဲလ်က ပြောကြားသည်။ 

မေရီလန်းပြည်နယ်အုပ်ချုပ်ရေးမှူး လယ်ရီဟိုဂန်ကမူ “ဒါဟာအင်မတန် ထိတ်လန့်စရာကောင်းတဲ့ အခြေအနေမျိုးပါ။ ကျွန်တော်တို့ သတင်းအချက်အလက်တွေ အပြည့်အစုံမရသေးပါဘူး”ဟု ပြောကြားသည်။ 

ရဲချုပ်အန်နာအွန်ဒဲလ်၏ ပြောကြားချက်အရ ကက်ပီတယ်ဂေဇက်သတင်းစာသည် ပစ်မှတ်ထားတိုက်ခိုက်ခံရခြင်းဖြစ်ပြီး မည်သည့်အကြောင်းအရင်းကြောင့် ယင်းသို့တိုက်ခိုက်သည်ဟူသော အချက်ကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။ 

“သေနတ်သမားကို ဘယ်သူက စေခိုင်းခဲ့တယ်၊ ဘာကြောင့် ပစ်ခတ်တိုက်ခိုက်တယ်ဆိုတာကို စုံစမ်းမေးမြန်းနေတုန်းပဲ”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ 

သို့သော် ၎င်းက ပစ်ခတ်တိုက်မှုသည် လူတစ်ဦးတစ်ယောက်ချင်းကို ပစ်မှတ်ထား တိုက်ခိုက်သည်ထက် သတင်းစာတိုက်တစ်ခုလုံး (မီဒီယာတစ်ခုလုံး) ကို ပစ်မှတ်ထားခြင်းဖြစ်နိုင်သည်ဟု ဆိုသည်။

ကက်ပီတယ်ဂေဇက် သတင်းစာမှာ ယင်းဖြစ်ရပ်နှင့် ကြုံတွေ့ခဲ့ရသော်လည်း နောက်တစ်နေ့တွင် ပုံမှန်အတိုင်းသတင်းစာ ထွက်ရှိခဲ့သည်။ ထိုနေ့ကထွက်ရှိသည့် သတင်းစာ၏ အယ်ဒီတာ့အာဘော် စာမျက်နှာနေရာတွင် “ကျွန်ုပ်တို့ ရေးစရာစကားလုံး မရှိတော့ပါ”ဟုသာ အယ်ဒီတာ့အာဘော်နေရာတွင် ဖော်ပြထားသည်။ 

သို့သော် ထိုသတင်းစာတွင် သေနတ်ပစ်တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားသူများ၏ အမည်များကို ဖော်ပြထားသည်။ သေဆုံးသွားသူများထဲတွင် အယ်ဒီတာ့ အာဘော်စာမျက်နှာကို တာဝန်ယူတည်းဖြတ်သည့် အယ်ဒီတာဂါရယ်ဖစ်ရှ်မန်းလည်း ပါဝင်ခဲ့သည်။ 

သေဆုံးသွားသူငါးဦးတွင် လေးဦးမှာ သတင်းစာဆရာများဖြစ်ပြီး ကျန်တစ်ဦးမှာ သတင်းစာ အရောင်းဝန်ထမ်းဖြစ်သည်။ ထိုနေ့က ထွက်ရှိသည့်သတင်းစာ မျက်နှာဖုံးတွင်မူ “ကက်ပီတယ်ဂေဇက် သတင်းစာတိုက်တွင် သေနတ်ပစ်မှုဖြစ်၍ ငါးဦးသေဆုံး”ဟု သတင်းဖော်ပြခဲ့သည်။

F-01



FOLLOW US