News

POST TAGGED AS

အမေရိကန်

29-Mar-2018

ကလေး စစ်သား
ကလေးစစ်သားဟောင်း အောင်ကိုထွေးကို အလုပ်နှင့် ထောင်ဒဏ် ၂ နှစ် အမိန့်ချ


ရန်ကုန်၊ မတ် ၂၈ 

ကလေးစစ်သားအဖြစ် စုဆောင်းခံရပြီး ထောင်ကျလွတ်မြောက်လာကာ အတွေ့အကြုံများကို မီဒီယာတစ်ခုတွင် ဖြေကြားခဲ့သည့် အသက် ၂၆ နှစ်အရွယ် အောင်ကိုထွေးကို မတ်လ ၂၈ ရက် မွန်းလွဲပိုင်းက ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ခဲ့ကြောင်း ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် တရားရုံးထံမှ သိရသည်။

ကလေးစစ်သားအဖြစ် စုဆောင်းခံရပြီး ယင်းဘဝအတွေ့အကြုံများကို ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့က RFA ရုပ်သံသတင်းဌာနနှင့် ရုပ်သံအင်တာဗျူးတွင် ဖြေဆိုခဲ့ရာ ယင်းဖြေကြားချက်များသည် တပ်မတော်အပေါ် အကြည်အညိုပျက်စေရန် ရည်ရွယ်ဖြေကြားသည်ဟုဆိုကာ ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်အောင်က ဦးတိုက်လျှောက်ထားတရားစွဲဆိုခဲ့ပြီး ယနေ့မွန်းလွဲပိုင်းတွင် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တရားသူကြီးက ထောင်ဒဏ် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

“ပထမ တရားရုံးမထီမဲ့မြင်ပြုတယ်ဆိုပြီး ထောင်ဒဏ် ၆ လချထားတယ်။ အခုလည်း ထောင်ဒဏ် ၂ နှစ်အမိန့်ထပ်ချတယ်။ ပြီးတော့ ထပ်ပြီးတရားစွဲတယ်။ ဒီလိုမတရားလုပ်ခံနေရတာကို မကျေနပ်ဘူး။ တရားဥပဒေကို အယုံအကြည်မရှိဘူး”ဟု ကိုအောင်ကိုထွေး၏ မိသားစုဝင်တစ်ဦးက ပြောကြားသည်။

ယင်းရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခံရသူ ကိုအောင်ကိုထွေးသည် ၂၀၀၅ ခုနှစ်ခန့်က နေပြည်တော်မှ အပြန်ရန်ကုန်ဘူတာကြီးတွင် ကလေးစစ်သားအဖြစ် စုဆောင်းခံရပြီး ၂ နှစ်ကျော်ကြာ တပ်မှထွက်ပြေးလာစဉ် ၎င်းနှင့်အတူ ထွက်ပြေးလာသူတစ်ဦးက ဆိုင်ကယ်လုရင်း လူသတ်မိရာက ကြံရာပါအဖြစ် သေဒဏ်ချမှတ်ခံရကာ သေဒဏ်မှတစ်ဆင့် တစ်သက်တစ်ကျွန်းဒဏ်၊ ယင်းကျွန်းဒဏ်မှတစ်ဆင့် ထောင်ဒဏ် ၁၀ နှစ်သို့ ပြောင်းလဲကျခံရကာ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့က မန္တလေးအိုးဘိုထောင်မှ ပြန်လည် လွတ်မြောက်လာသူ ဖြစ်သည်။

ထောင်ဒဏ်အမိန့်ချမှတ်ခံရသူ ကလေးစစ်သားဟောင်း အောင်ကိုထွေး၊ အသက် ၃၂ နှစ်အရွယ် ခင်ချိုနိုင်၊ အသက် ၄၂ နှစ်အရွယ် ဒေါ်သန်းသန်းအေးနှင့် ဦးမြင့်ဇော် (စုံစမ်းဆဲ) တို့သည် ဇန်နဝါရီလ ၁၇ ရက်နေ့က ဒဂုံဆိပ်ကမ်းမြို့နယ် တရားရုံးဝင်ပေါက်ရှေ့၌ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေစာအုပ်ကို စာအုပ်ပေါ်တွင် အနီရောင်ကြက်ခြေခတ်ပြီး ခြေထောက်ဖြင့် တက်နင်းသည်ဟုဆိုကာ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်က တရားလိုပြုလုပ်တိုင်ကြားခဲ့သဖြင့် ယင်းမြို့မရဲစခန်းက (ပ) ၅၃/၁၈၊ နိုင်ငံတော် အထိမ်းအမှတ်တံဆိပ် ဥပဒေ ပုဒ်မ ၇ ဖြင့် အမှုဖွင့်ဆောင်ရွက်ခဲ့ပြီး ယနေ့တွင် ထပ်မံတရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းအမှုနှင့်ပတ်သက်၍ ဆက်လက်စစ်ဆေးနိုင်ရန် ဧပြီလ ၁၀ ရက်နေ့သို့ ပြန်လည်ချိန်းဆိုခဲ့သည်။  

J-16



FOLLOW US