News

POST TAGGED AS

အမေရိကန်

01-Sep-2016

အမေရိကန်
နယ်ခြားမျဉ်းကို တံတိုင်းကြီး ခတ်လိုက်ပါက မက္ကဆီကိုဘက်မှ ငွေထည့်ရမည်ဟု ဒေါ်နယ်ထရမ့် ဆို
ဖီးနစ်စ်၊ စက်တင်ဘာ ၁

အမေရိကန် ပြည်ထောင်စု ရီပတ် ဘလစ်ကန်ပါတီ၏ သမ္မတလောင်း ဒေါ်နယ် ထရမ့်က နယ်စပ်တံတိုင်း ကာပစ်မည်ဟု ပြောထားခဲ့ဖူးကာ မက္ကဆီကိုဘက်က ထိုတံတိုင်း တည်ဆောက်ရန် ငွေထည့်ဝင်ရမည်ဟု လူထုကို ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားလိုက်သည်။

အရီဇိုးနားပြည်နယ်တွင် ထောက်ခံသူများနှင့် တွေ့ဆုံခဲ့ရာ၌ နယ်စပ်ကို အလုံ ပိတ်မည်ဖြစ်ကာ၊ သန်းပေါင်း များစွာသော တရားမဝင် ရွှေ့ပြောင်းများကို ပြန်လည် ပို့ဆောင်မည်ဟု ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါ လူထုတွေ့ဆုံပွဲ မတိုင်ခင် နာရီ များစွာ အလိုက ဒေါ်နယ်ထရမ့်သည် မက္ကဆီကို သမ္မတ အင်းနရစ် ပီနာ နီတိုးနှင့် တွေ့ဆုံခဲ့သည်။

မက္ကဆီကို အနေနှင့် တစ်ပြားမှ မပေးနိုင်ကြောင်း မစ္စတာထရမ့်ကို ပြောကြားလိုက်သည်ဟု မက္ကဆီကို သမ္မတက ဆိုထားသည်။

ရီပတ်ဘလစ်ကန် သမ္မတလောင်း ထရမ့်သည် စာရွက်စာတမ်း မရှိသော ရွှေ့ပြောင်းလုပ်သား ၁၁ သန်းကို ပြန်ပို့ ပစ်မည်ဟု စီစဉ်ထားသော လုပ်ငန်းစဉ်ကို ပယ်ဖျက်လိုက်ပြီဟု သတင်းများ ထွက်ခဲ့သေးသည်။

သို့သော် အရီဇိုးနားပြည်နယ် မြို့တော်ဖီးနစ်စ်တွင် ပြောခဲ့သော မိန့်ခွန်းတွင်မူ ရွှေ့ပြောင်းများကို ပြန်လည် မောင်းထုတ်ရေး အစီအစဉ်အား ဇဝေဇဝါ ဖြစ်စေသော အသုံးအနှုန်းများဖြင့် ပြောဆိုထားသည်။

၎င်းတို့၏ အခြေအနေမှာ အဓိက ထားရမည့် အရေးကိစ္စ မဟုတ်ဘဲ ရာဇဝတ်မှု ကျူးလွန်သော ပြည်ပသားများကို ပြန်ပို့ရေးက ပိုပြီး အရေးကြီးကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့ နိုင်ငံမှာ နေထိုင် အခြေချ သွားကြတဲ့ လူတိုင်းကို ဂုဏ်သိက္ခာ ရှိစွာ ဆက်ဆံမှာပါ”ဟု ၎င်းက ဆိုသည်။

“အမေရိကန် နိုင်ငံထဲကို တရားမဝင် ဝင်လာသူ ဘယ်သူမဆို ပြန်ပို့ခံရမှာပဲ။ ဒါကြောင့်ပဲ ဥပဒေ ရှိနေတာပါ”ဟု ထရမ့်က ပြောကြားခဲ့သည်။

ဒေါ်နယ်ထရမ့်၏ မက္ကဆီကို ခရီးစဉ်အတွင်း ပြည်သူများ၏ ဒေါသတကြီး ဆန္ဒပြ ကန့်ကွက်မှုများနှင့် ကြုံခဲ့ရသေးသည်။



FOLLOW US