News

POST TAGGED AS

အနော်ရထာ

ချောက်ရှိ အနော်ရထာတံတားပြင်ဆင်မှု မတ်လကုန်၌ ပြီးစီးမည်


ချောက်၊ မတ် ၂၆ 

မကွေးတိုင်းဒေသကြီး ချောက်မြို့နှင့် ဆိပ်ဖြူမြို့တို့ကို ဆက်သွယ်ထားသော ဧရာဝတီမြစ်ကူးတံတား အနော်ရထာ ပထမဆုံးအကြိမ် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ မတ်လကုန်၌ ပြီးစီးမည်ဖြစ်ကြောင်း အဆိုပါ တံတားပြုပြင်ရေး တံတားအထူးအဖွဲ့ ၅ ထံမှ သိရသည်။

ယင်းတံတားပြုပြင်ထိန်းသိမ်းခြင်းများကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှစတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး လတ်တလော လူသွားလမ်း သံဆန်ခါတပ်ဆင်ခြင်းနှင့် ယာဉ်သွားလမ်း လက်ရန်းတပ်ဆင်မှုတို့ ၉၅ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ယင်းသို့ပြုပြင်ထိန်းသိမ်းရာတွင် လူသွားလမ်းချိန်းလိပ် ကာရံတပ်ဆင်ခြင်း၊ ကားလမ်းပိုင်းအပေါ် လေးလက်မ သံပိုက် အောက် သုံးလက်မ သံပိုက်လက်ရန်း (Steel Pipe Handrail)တပ်ဆင်ခြင်း လုပ်ငန်းများအတွက် ကျပ်သန်း ၃၀၀ ကျော်၊ တံတားဆေးသုတ်လုပ်ငန်းအတွက် တင်ဒါအောင်မြင်ခဲ့သည့် Safety Stationary Group (SSG) ကုမ္ပဏီက သံမဏိသံ ဘောင်ဆေးသုတ်ခြင်း လုပ်ငန်းများအတွက် ကျပ်သန်း ၄၇၀ ကျော်သုံးစွဲပြီး ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

ယင်းတံတားကို ၂၀၁၁ ခုနှစ်က တည်ဆောက်ပြီးစီးခဲ့ပြီး ပင်မတံတား အရှည်သည် ၁၂၇၇ ဒသမ ၄ မီတာ (၄၁၉၁ ပေ) ယာဉ်သွားလမ်းအကျယ် ၈ ဒသမ ၅ မီတာ ( ပေ ၂၀)၊ လူသွားလမ်း နှစ်ဖက် အကျယ် ၁ ဒသမ ၈ မီတာ (၆ပေ) ရှိကြောင်း လမ်းတံတားဦးစီးဌာနထံမှ သိရသည်။

နေနိုင်(ချောက်)




FOLLOW US