News

POST TAGGED AS

အဆောက်အအုံ

ရန်ကုန်နှင့် ဆိုင်ကယ်
“ရန်ကုန်မြို့ စည်ပင်သာယာ နယ်နိမိတ်အတွင်းမှာ မော်တော်ဆိုင်ကယ် စီးနင်းခွင့်မရှိဘူး”
ရဲမှူးမျိုးအောင်မြင့် (အမှတ် ၈ ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံး)

ရန်ကုန်မြို့ စည်ပင်သာယာ နယ်နိမိတ်အတွင်းမှာ မော်တော်ဆိုင်ကယ် စီးနင်းခွင့်မရှိဘူး။ ဒီလို စီးနင်းခွင့်မရှိတဲ့ မြို့နယ်တွေမှာ စီးနင်းတာပဲဖြစ်ဖြစ် နယ်ကျော်စီးနင်းလာတဲ့ ယာဉ်ပဲဖြစ်ဖြစ် စစ်ဆေးတွေ့ရှိရင် ဥပဒေအရ ထိရောက်စွာ အရေးယူမှာ ဖြစ်ပါတယ်။ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်ဆိုရင်တော့ နိုင်ငံပိုင်အဖြစ် သိမ်းဆည်းမှာ ဖြစ်ပါတယ်။ ဒီလို ထိထိရောက်ရောက် အရေးယူဖို့ကို ရန်ကုန် တိုင်းယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီက သတိပေးချက် ထုတ်ပြန်ထားတယ်။ လက်ရှိက စည်ပင်သာယာ နယ်နိမိတ် ပြင်ပဖြစ်တဲ့ သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်း၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒလ၊ ဆိပ်ကြီးခနောင်တို၊ ကိုကိုးကျွန်း၊ လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီးနဲ့ ထန်းတပင် မြို့နယ်တွေကိုသာ မော်တော် ဆိုင်ကယ် စီးနင်းခွင့်ပြုထားတာ ဖြစ်တယ်။ ဒါကြောင့် ခွင့်မပြုဘဲ စီးနင်းတဲ့ တရားမဝင် ဆိုင်ကယ်တွေကို စည်ပင်သာယာရေးဥပဒေ ပုဒ်မ ၇၂ အရ ဒဏ်ငွေကျပ် ငါးသောင်းမှ ကျပ်သုံးသိန်းနဲ့ ထောင်ဒဏ် သုံးလအထိ ချမှတ်နိုင်တယ်။

“ဆိုင်ကယ်ကို မြို့တွင်း မြို့နယ်တွေမှာ စီးခွင့်ပေးလိုက်ရင်လည်း ပဲခူးတို့၊ ဘာတို့လို ရှုပ်ယှက်ခတ်သွားနိုင်တယ်”
ကိုတက်ထွဋ်လူ (ပြည်သူတစ်ဦး)

မြောက်ဒဂုံလို မြို့နယ်တွေမှာက ကားနဲ့က အဆင်မပြေတော့ ပြေတာပဲ စီးကြတာ။ ဒါပေမဲ့ ဆိုင်ကယ်ကို မြို့တွင်း မြို့နယ်တွေမှာ စီးခွင့်ပေးလိုက်ရင်လည်း ပဲခူးတို့ ဘာတို့လို ရှုပ်ယှက်ခတ်သွားနိုင်တယ်။ မြို့ထဲမှာ ဆိုင်ကယ်စီးရင်ဖမ်းတာ ကောင်းတယ်။ ဘာလို့လဲဆိုတော့ မြို့ထဲမှာက နဂိုကတည်းက ကားကျပ်တယ်။ နောက်ပြီး ယာဉ်ကြောပိတ်ဆို့မှုတွေကြောင့် မစီးစေချင်တာ ဆိုပေမယ့်လည်း စီးပွားရေး အခြေအနေကြောင့် စီးကြတယ်ဆိုတော့ ဆိုင်ကယ်က သာမန်လူတန်းစားတွေရဲ့ ရွေးချယ်မှု ဖြစ်လာနိုင်မယ်။ စီးခွင့်ပြုလိုက်ရင်ကျတော့လည်း ကားနဲ့ယှဉ်ရင် ဆိုင်ကယ်စီးသူ တဖြည်းဖြည်း ပိုများလာနိုင်မယ်။ မတော်တဆမှု ဖြစ်နိုင်ခြေတွေက အလေးမထားမှုပေါ်မူတည်ပြီး ပိုများလာနိုင်မယ်။ အဓိက,ကတော့ ဆိုင်ကယ်တွေ မစီးစေချင်ရင် ဆိုင်ကယ်အစား တခြားတစ်ခုခု အစားထိုးပေးတာမျိုး လုပ်ပေးရင် ပိုကောင်းမှာပေါ့နော်။ ဆိုင်ကယ်မစီးရတဲ့ မြို့နယ်တွေ ခွဲပေးထားတာ ပိုကောင်းမယ်။ ဥပမာ - လှိုင်သာယာလို နေရာမျိုးမှာ ဆိုင်ကယ်စီးခွင့်ပြုတာ ပြဿနာမရှိပေမယ့် ကမာရွတ်လိုမြို့နယ်မှာတော့ ဆိုင်ကယ်တွေ စီးခွင့်မပြုသင့်ဘူးပေါ့နော်။ တချို့နေရာတွေမှာကျ သယ်ယူပို့ဆောင်ရေးအတွက် မရှိလို့ မဖြစ်တာတွေတော့ ရှိတာပေါ့။

“ကြပ်မတ်မှု အားနည်းတာကြောင့် တချို့ စီးနေကြတာဆိုတော့ အဲဒါတွေ သေချာကြပ်မတ်ပေးနိုင်ရင် ပိုကောင်းမယ်”
ကိုကျော်ဝင်းသိန်း (ပြည်သူတစ်ဦး) 

ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်ထဲမှာက ဆိုင်ကယ်မစီးရဘူးဆိုပြီး ဥပဒေနဲ့ပိတ်ထားတာ ကောင်းပါတယ်။ Public Transport ကိုသာ သေချာလုပ်ပေးနိုင်ရင် ဆိုင်ကယ်ဆိုတာ မလိုအပ်ပါဘူး။ ဒါပေမဲ့ ခုလည်း ကြပ်မတ်မှု အားနည်းတာကြောင့် တချို့ စီးနေကြတာဆိုတော့ အဲဒါတွေ သေချာကြပ်မတ်ပေးနိုင်ရင် ပိုကောင်းမယ်။ ယူနီဖောင်းနဲ့စီးဖို့ စည်းကမ်းသတ်မှတ်ပြီး သေချာကြပ်မတ် အပြစ်ပေးလိုက်ရင် အပြင်မှာ တရားမဝင် စီးနေသူတွေ မစီးရဲတော့ဘူးပေါ့။ ရန်ကုန်မှာက နဂိုတည်းက ကားတွေနဲ့ ရှုပ်ယှက်ခတ်နေတာ ဆိုင်ကယ်တွေသာ ခွင့်ပြုလိုက်ရင် ခုလို ကားတွေ ဈေးတက်နေချိန် တစ်လမ်းလုံး ဆိုင်ကယ်တွေနဲ့ ပြည့်သွားမလားပဲ။ ဆိုင်ကယ်တွေထက်စာရင် စက်ဘီးတွေတော့ ခွင့်ပြုသင့်တယ်။

ခိုင်ချယ်ရီထွန်း



FOLLOW US