News

POST TAGGED AS

အဆောက်အအုံ

၇၃ လမ်းနှင့် ၇၈ လမ်းကိုချိတ်ဆက်မည့် ၃၈ လမ်းဖောက်ရာတွင် လမ်းဧရိယာနှင့်မလွတ်သော အဆောက်အအုံများရွှေ့ရမည်


မန္တလေး၊ မေ ၈

မဟာအောင်မြေမြို့နယ် ၇၃ လမ်း (မန္တလေးတက္ကသိုလ်အဝင်လမ်း) နှင့် ၇၈ လမ်းကို တိုက်ရိုက်သွားနိုင်မည့် ၃၈ လမ်းကို ဖောက်လုပ်ရာတွင် လမ်းအူကြောင်းနှင့်မလွတ်သော အဆောက်အအုံ အချို့နှင့် လျှပ်စစ်ဓာတ်တိုင်များ ပြောင်းရွှေ့ရမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇောအောင်က ပြောကြားသည်။

ယင်းလမ်းဖောက်လုပ်မည့် ဧရိယာအတွင်း ၇၆ ဓာတ်အားခွဲရုံအုတ်တံတိုင်း၊ တပ်ပိုင်အဆောက်အအုံအချို့နှင့် လူနေရပ်ကွက် အုတ်တံတိုင်း၊ 11KV ဓာတ်အားတိုင် ၁၀ တိုင်၊ ဓမ္မာရုံအုတ်တံတိုင်းနှင့် တံခွန်တိုင်တို့ကို ရွှေ့ပြောင်းနိုင်ရန် ကွင်းဆင်းစစ်ဆေးထားပြီးဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ 

“မန္တလေးမြို့မှာ အဓိကလမ်းမကြီးတစ်ခု မကြာခင်ပေါ်ပေါက်လာတော့မှာပါ”ဟု ဦးကျော်ဇောအောင်က ပြောဆိုသည်။

လမ်းအူကြောင်းနှင့်မလွတ်သော နေရာများကို ခြောက်လတာ ဘတ်ဂျက်ကာလအတွင်း ဖယ်ရှားရွှေ့ပြောင်းပေးရန် စီစဉ်ထားပြီး လမ်းအရှည် ပေ ၃၀၀၀ ခန့် နှင့် အကျယ် ပေ ၈၀ ရှိသည့် လမ်းဖောက်လုပ်ရန် မြို့တော်စည်ပင်သာယာရေး ကော်မတီက စီစဉ်ထားသည်။

“အရင်က မြို့အရှေ့ကနေ အနောက်ဘက်ကို သွားမယ်ဆိုရင် စစ်တပ်ကိုကွေ့ ဝိုက်ပြီးသွားရာကနေ တိုက်ရိုက်သွားနိုင်မယ်ဆိုတော့ ဆက်သွယ်ရေး ပိုကောင်းလာမယ်။ လမ်းကျပ်မှုတွေလည်း အထိုက်အလျောက်တော့ လျော့သွားမယ်”ဟု မန္တလေးမြို့ခံ အငှားယာဉ်မောင်း ဦးဇော်ဟိန်းက ပြောဆိုသည်။

အဆိုပါလမ်းကို ဒီဇင်ဘာမတိုင်မီ ပြီးအောင်တည်ဆောက်သွားမည်ဟု ၃၈ လမ်းဖောက်လုပ်မည့် အစီအစဉ်နှင့်ပတ်သက်၍ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။

နယ်မြေခံတပ်ရင်း၏ မြေဧရိယာ တစ်စိတ်တစ်ပိုင်းကို ၃၈ လမ်းအဖြစ် ဖြတ်သန်းဖောက်လုပ်ရန် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၃ ရက်က အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က ခွင့်ပြုပေးခဲ့သည်။ 

၃၈ လမ်းသည် နယ်မြေခံ တပ်ရင်းတစ်ခု၏ အုတ်တံတိုင်းခတ်ဧရိယာအတွင်း ပါဝင်နေသောကြောင့် ယခင်က မြို့အရှေ့မှ အနောက်သို့ တစ်ဆက်တည်းသွား၍ မရသော တစ်ဖက်ပိတ်လမ်းတစ်ခုဖြစ်သည်။  

M-08



FOLLOW US