News

POST TAGGED AS

အဆောက်အအုံ

မြန်မာ့ဩဘာ ပိုးသတ်ဆေးစက်ရုံ ပြောင်းရွှေ့ပေးရန် ဒေသခံများ တောင်းဆို
ရန်ကုန်၊ ဇန်နဝါရီ ၂၅

မှော်ဘီမြို့နယ် ဝါးနက်ချောင်းကျေးရွာတွင် တည်ဆောက်လျက်ရှိသော မြန်မာ့ဩဘာပိုးသတ်ဆေးစက်ရုံ ပြောင်းရွှေ့ပေးရန် ဒေသခံများက တောင်းဆိုခဲ့သည်။

လက်ရှိ ပိုးသတ်ဆေးစက်ရုံ တည်ဆောက်ခြင်းကြောင်း ဒေသခံများ ထိခိုက်မှု ခံစားနေရခြင်းကို “နားထောင်သူမဲ့သော အသံများ” ခေါင်းစဉ်ဖြင့် သတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီလ ၂၅ ရက် ပုဇွန်တောင် Orchid Hotel တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါ စက်ရုံအနီးကျေးရွာများရှိ သောက်သုံးရေစံ သတ်မှတ်ချက်တစ်ခုကို စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းက ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်က ထုတ်ပြန်ခဲ့ရာတွင် ယင်းကျေးရွာမှလူများသည် အာရုံကြောဆိုင်ရာ ရောဂါများနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများအပြင် ကျောက်ကပ်၊ အဆုတ်နှင့်အသည်းများ ပျက်စီးနိုင်ခြေရှိမှုများ ပါဝင်ခဲ့သည်။

“၁၉၈၇ ခုနှစ်ကစလို့ ပိုးသတ်ဆေးစက်ရုံ တည်ခဲ့တယ်။ ဒီစက်ရုံက စွန့်ပစ်ရေကို သောက်မိလို့ ငှက်တွေသေတယ်လို့ သိခဲ့ရတယ်။ အတော့်ကို တုန်လှုပ်ခဲ့ရတယ်”ဟု ရေတာရှည်ကျေးရွာမှ တောင်သူ ဦးမျိုးသူက ဆိုသည်။

မြန်မာ့ဩဘာ စိုက်ပျိုးရေးသွင်းအားစုကုမ္ပဏီ ရွှေ့ပြောင်းပေးရန် ၂၀၁၅ ခုနှစ် အောက်တိုဘာလမှ ၂၀၁၇ မေလအထိကို လေးကြိမ်တိုင် ဒေသခံများက သမ္မတထံ တင်ပြခဲ့သော်လည်း ထူးခြားမှုမရှိကြောင်း သတင်းစာရှင်းလင်းပွဲတွင် ဒေသခံ ဦးမြင့်သိန်းက ပြောကြားသည်။

မြန်မာဩဘာပိုးသတ်ဆေးစက်ရုံ စတင်တည်ဆောက်ကတည်းက EIA ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းတို့ကို နိုင်ငံတကာနှင့်အညီ ပြုလုပ်ထားကြောင်း ယင်းစက်ရုံတည်ဆောက်ရေး စီမံကိန်းတာဝန်ခံ ကိုဉာဏ်လင်းဖြိုးက ပြောကြားသည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် ဒါက နိုင်ငံတော်ပရောဂျက်၊ အစိုးရသစ်လက်ထက်မှာ အကြီးဆုံးလုပ်တဲ့ ပရောဂျက်၊ ခိုးကြောင်ခိုးဝှက် မလုပ်ခဲ့ဘူး။ မြန်မာနိုင်ငံက စိုက်ပျိုးရေးကို အခြေခံတဲ့နိုင်ငံ၊ ဒီအပိုင်းကို တွန်းအားပေးချင်တယ်။ စက်ရုံရဲ့ ရေဆိုးသန့်စင်တဲ့ အချက်အလက်တွေ ပတ်ဝန်းကျင်ထိခိုက်မှု ရှိ၊ မရှိ စစ်ဆေးချက် အကုန်စုဆောင်းနေတယ်။ ဒေသခံကိုချပြဖို့ ရှေ့လလောက်မှာ စီစဉ်ထားပါတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိ မြန်မာဩဘာပိုးသတ်ဆေးစက်ရုံကို ၂၀၁၆ ခုနှစ် အောက်တိုဘာလက စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် အပြီးဆောက်လုပ်သွားမည်ဖြစ်သည်။

မှော်ဘီမြို့နယ် ဝါးနက်ချောင်းကျေးရွာတွင် မြန်မာ့ဩဘာ မှော်ဘီစိုက်ပျိုးရေးသွင်းအားစု စက်ရုံအပြင် မာလာမြိုင် ပိုးသတ်ဆေးစက်ရုံကိုလည်း တည်ဆောက်ရန်ရှိသည်။

J-18



FOLLOW US