News

POST TAGGED AS

အဆောက်အအုံ

ငွေဆောင် ဟိုတယ်ဇုန်တွင် အဆောက်အအုံသစ်များ ထပ်ဆောက်နေမှု တိုင်းအစိုးရထံ တင်ပြမည်
ပုသိမ်၊ ဇန်နဝါရီ ၇

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ငွေဆောင်ကမ်းခြေမြို့ ဟိုတယ်ဇုန်တွင် ဟိုတယ်လုပ်ငန်းရှင်အချို့က အဆောက်အအုံသစ်များ ထပ်ဆောက်နေမှုကို လိုအပ်သလို အရေးယူပေးရန် ငွေဆောင်ကမ်းခြေမြို့ စည်ပင်သာယာရေးကော်မတီက ဇန်နဝါရီလ ၈ ရက်တွင် တိုင်းအစိုးရထံ တင်ပြတိုင်ကြားမည်ဖြစ်သည်။ 

ငွေဆောင်ကမ်းခြေမြို့ ဟိုတယ်ဇုန်တွင် အဆောက်အအုံသစ် ထပ်မဆောက်ရန် တိုင်းအစိုးရက တားမြစ်ထားသော်လည်း  Ocean Blue ဟိုတယ်နှင့် Grand Ngwe Saung ဟိုတယ်တို့က ဆက်လက်လုပ်ဆောင်နေမှုကြောင့် အသိပေးတိုင်ကြားရခြင်းဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။ 

ဒေသခံ ၂၄၈ ဦးက ၎င်းတို့ပိုင်ဆိုင်ခဲ့သော မြေယာအသိမ်းခံရသဖြင့် အငြင်းပွားနေပြီး ယင်းနေရာသို့ ဟိုတယ်လုပ်ငန်းရှင်အချို့က ဝင်ရောက်ကာ အဆောက်အအုံ ဆောက်လုပ်နေမှုနှင့်ပတ်သက်၍ ဒေသခံများက လက်မှတ်ထိုးကန့်ကွက်ခဲ့သည့်အတွက် ဧရာဝတီတိုင်းအစိုးရသစ်လက်ထက်တွင် ဟိုတယ်ဇုန်ရှိ ဟိုတယ်အလုံး ၂၀ ကို အဆောက်အအုံသစ်များ ထပ်မံမဆောက်လုပ်ရန် တားမြစ်ခဲ့သည်။  

ယခုအခါ မလိုက်နာဘဲ အဆောက်အအုံဆောက်နေမှုကို ဒေသခံများ တင်ပြလာကြောင်း၊ အဆောက်အအုံများ မဆောက်ရန် တားမြစ်သော်လည်း ဆက်လက်ဆောက်လုပ်နေ၍ မလိုလားအပ်သော ရာဇဝတ်များ ဖြစ်လာနိုင်သဖြင့် တိုင်းအစိုးရအနေနှင့် အဖွဲ့ကနေ လိုအပ်သလို အရေးယူပေးနိုင်ရန်အတွက် တင်ပြရခြင်းဖြစ်ကြောင်း ငွေဆောင်မြို့ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။

“ပိုင်ရှင်အမည်ကလည်း အမျိုးမျိုးဖြစ်နေတော့ အခက်တွေ့နေတယ်” ဟု ၎င်းက ဆိုသည်။ 

အဆောက်အအုံများကို ဆက်လက်ဆောက်လုပ်နေသော်လည်း အဆောက်အအုံပိုင်ရှင် မည်သူဖြစ်သည်ကို အတိအကျမသိရကြောင်း၊ လုပ်ငန်းခွင်ရှိ တာဝန်ရှိသူအချို့ကို အဆောက်အအုံပိုင်ရှင်ထံ ဆက်သွယ်ပေးရန် ပြောသော်လည်း ဆောင်ရွက်ပေးခြင်း မရှိကြောင်း၊ အဆောက်အအုံဆောက်နေသူများက ၎င်းတို့သူဌေးခိုင်း၍ လုပ်နေသည်ဟုသာ ပြောကြောင်း မူလ မြေပိုင်ရှင်ဟုဆိုသော ဒေသခံတို့ထံမှ သိရသည်။ 

တိုင်းအစိုးရအဖွဲ့နှင့် လွှတ်တော်အမတ်များအနေနှင့် တရားမျှတမှုအတွက် ဂရုတစ်စိုက် ဆောင်ရွက်ပေးစေချင်ကြောင်း၊ ရေရှည်တွင် ဒေသခံများနှင့် တစ်နယ်တစ်ကျေးမှ အလုပ်လာလုပ်သော အလုပ်သမားတို့အကြား ပဋိပက္ခဖြစ်နိုင်ကြောင်း ဒေသခံ ဦးဖိုးကုလားက ပြောသည်။ 

အဆောက်အအုံများ ဆောက်လုပ်နေသည်ဟုဆိုသော ဟိုတယ် ၂ လုံးသို့ ဆက်သွယ်မေးမြန်းရာ Grand Ngwe Saung ဟိုတယ်နှင့် ဆက်သွယ်မရသော်လည်း Ocean Blue ဟိုတယ် မန်နေဂျင်းဒါရိုက်တာမှာ ပြည်ပခရီးစဉ် သွားရောက်နေကြောင်း၊ ၎င်းထံ Viber မှတစ်ဆင့် သတင်းပေးပို့ထားမည်ဖြစ်ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းနှင့် ပတ်သက်၍ ဖြေကြားခွင့်မရှိကြောင်း Ocean Blue ဟိုတယ်မန်နေဂျာက ပြောသည်။

၂၀၀၀ ပြည့်နှစ်က စတင်၍ ငွေဆောင်ကမ်းခြေဒေသတွင် ဒေသခံ မူလပိုင်ရှင် ၂၄၈ ဦး၏ အုန်းခြံမြေ ၃၁၅ ဧကကျော်ကို မြေလျော်ကြေးမပေးဘဲ အုန်းပင်အရေအတွက်အလိုက်သာ သီးနှံလျော်ကြေးအဖြစ် ပေးချေကာ သိမ်းဆည်းခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်တွင် အစိုးရက ဥယျာဉ်ခြံမြေကို အခြားနည်း အသုံးပြုခွင့် လန (၃၉) ကို ပြန်လည်ရုပ်သိမ်းခဲ့ပြီး ဒေသခံ မူလပိုင်ဆိုင်သူတို့ထံ ပြန်လည်ပေးအပ်ရန် ညွှန်ကြားထားခဲ့သော်လည်း ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း ငွေဆောင်ကမ်းခြေမြို့ စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။ 

R-12



FOLLOW US