News

POST TAGGED AS

အဆောက်အအုံ

မြန်မာနိုင်ငံ၏ အကြီးဆုံး ပြန်လည် ထူထောင်ရေးစခန်း တည်ဆောက်ရန်စီစဉ်
ရန်ကုန်၊ ဒီဇင်ဘာ ၁၁

လူကုန်ကူးခံရ၍ နစ်နာသူ လေလွင့်ကလေးငယ်၊ အကြမ်းဖက်ခံရသူ အမျိုးသမီးများနှင့် စွန့်ပစ်ကလေးများကို ဦးစားပေး စောင့်ရှောက်မည့် မြန်မာနိုင်ငံတွင် အကြီးဆုံး ပြန်လည် ထူထောင်ရေး စခန်းကို တည်ဆောက်ရန် စီစဉ်နေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးစိုးအောင်က  ပြောကြားသည်။

အဆိုပါစခန်းကို ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒီဇင်ဘာဥယျာဉ်မြို့တော်ရှိ မြေ ၄၉ ဧကကျော်တွင် တည်ဆောက်မည်ဖြစ်ပြီး အဆောက်အအုံများ တည်ဆောက်ရေးအတွက် သုံးစွဲမည့် ဘတ်ဂျက်ကို အသေးစိတ်ကို ရေးဆွဲလျက်ရှိကြောင်း၊ စေတနာရှင် အလှူရှင်များနှင့် အဖွဲ့အစည်းများက ပူးပေါင်း ဆောင်ရွက်ပါက မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးစိုးအောင်က ဆိုသည်။

“နေရာမလုံလောက်လို့ ထားစရာအတွက် စဉ်းစားရတဲ့ အချိန်တွေ အများအပြား ကြုံခဲ့ရတယ်။ ဥပမာ - လူကုန်ကူးခံရလို့ ပြည်ပက ရန်ကုန်လေဆိပ်ကို လူအပြုံလိုက် ရောက်လာပြီဆို ကျွန်မတို့မှာ နေရာ မလောက်တော့ဘူး။ သုံးစွဲမယ့် ဘတ်ဂျက်နဲ့ အဆောက်အအုံ ပမာဏက ပြန်လည် သုံးသပ်ရဖို့ ရှိတယ်”ဟု လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေးက ဆိုသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက ပြင်ဆင်ရေးဆွဲထားသည့် မူးယစ်ဆေးဝါး ဥပဒေကြမ်းနှင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းတို့ အတည်ပြု ပြဋ္ဌာန်းမည်ဖြစ်သောကြောင့် အကြီးဆုံး ပြန်လည် ထူထောင်ရေး စခန်းတည်ထောင်ရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

“အခြေခံ အဆောက်အအုံတွေ အမြန်ဆုံး တည်ဆောက်နိုင်အောင် ပြည်ထောင်စုဝန်ကြီးက စီစဉ်နေပါတယ်။ တိုင်းပြည်မှာ ပြန်လည် ထူထောင်ရေးကဏ္ဍက လူသားရင်းမြစ်အတွက်ပဲပြောပြော  အစိုးရက လိုအပ်တဲ့အရာတွေ ဖန်တီးပေးနိုင်ဖို့ များများ လိုအပ်တယ်။ နောက်ဆို အမှီအခိုမဲ့ ကြီးပြင်းလာရသူတွေက လမ်းပေါ်မှာချည်း ဖြစ်ကုန်မယ်”ဟု လူမှုဗေဒဆိုင်ရာ ပညာရှင်တစ်ဦးက  မှတ်ချက်ပြုသည်။

ယင်းစီမံကိန်ပြီးစီးပါက လေလွင့်ကလေးငယ်နှင့် သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ လူကုန်ကူးခံရသူများ၊ ကလေးစစ်သားများ၊ မူးယစ်ဆေးစွဲ လူနာများ အပါအဝင် အကြမ်းဖက်ခံရသော အမျိုးသမီးများနှင့် စွန့်ပစ်ခံရသော ကလေးများကို ဦးစားပေး လက်ခံ စောင့်ရှောက်မည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး ဝန်ကြီးဌာနက ဖွင့်ထားသော ပြန်လည် ထူထောင်ရေးစခန်း ၉ ခုအပြင် မူးယစ်ဆေးစွဲ ကုသရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ဖွင့်ထားသော ဌာနကြီး ၂၃ ခု၊ ဌာနငယ် ၂၆ ခု၊ ပြန်လည် ထူထောင်ရေးစခန်း ၆ ခု၊ လူငယ်ပြုစုပျိုးထောင်ရေးစခန်း ၁ ခု အပါအဝင် မူးယစ်ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့က ဖွင့်ထားသော လူငယ်များ ပြုစုပျိုးထောင်ရေးစခန်း ၃ ခုဖြင့် အသီးသီး ရှိကြောင်း လူမှုန်ဝန်ထမ်း ဦးစီးဌာနထံမှ သိရသည်။

J-17



FOLLOW US