News

POST TAGGED AS

အဆောက်အအုံ

ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသကို လွှမ်းခြုံစီမံခန့်ခွဲမည့်မူကြမ်း ဒီဇင်ဘာလအတွင်း ပြီးမည်
မန္တလေး၊ နိုဝင်ဘာ ၆

ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရန် လုပ်ဆောင်လျက်ရှိရာ ပုဂံဒေသတစ်ခုလုံးကို လွှမ်းခြုံစီမံခန့်ခွဲမည့်မူကြမ်း ဒီဇင်ဘာလအတွင်း ပြီးစီးအောင် ရေးဆွဲမည်ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနထံမှ သိရသည်။

ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းမည့် ပထမအဆင့် မူကြမ်းကို စက်တင်ဘာလ တတိယပတ်အတွင်း ယူနက်စကိုသို့ တင်ပြထားပြီးဖြစ်ကြောင်း၊ ပထမ မူကြမ်းတွင် ပုဂံဒေသကို ဇုန်သတ်မှတ်ထားသည့် အကြောင်းအရာများ၊ ပုဂံဒေသ သမိုင်းကြောင်းများ၊ ပုဂံဒေသတွင် ဖြစ်ပေါ်နေသည့် ရှေးဟောင်း အဆောက်အအုံများပေါ်တွင် သက်ရောက်နေသည့်  အကျိုးအပြစ်များ၊ ယင်းအကျိုးအပြစ်များကို ကုစားနိုင်မည့် အကြောင်းအရာနှင့် ခရီးသွားများနှင့် သက်ဆိုင်သော အကြောင်းအရာများ၊ ပုဂံဒေသ ရေရှည်တည်တံ့ ခိုင်မြဲအောင် လုပ်ဆောင်နိုင်မည့် အကြောင်းအရာများ ပါဝင်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယ ညွန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ပြောကြားသည်။ 

ပထမအဆင့်မူကြမ်းတွင် ပုဂံဒေသကြီးတစ်ခုလုံကို စီမံခန့်ခွဲမည့် အစီအမံများ မပါဝင်ခဲ့ကြောင်း၊ ပုဂံဒေသကြီး တစ်ခုလုံးကို စီမံခန့်ခွဲသည့် မူကြမ်းတွင် နိုင်ငံခြားသားများနှင့်ဆိုင်သည့် စီမံခန့်ခွဲမှုများ၊ အဆောက်အအုံ ဆောက်လုပ်ခြင်းနှင့်ဆိုင်သည့် စီမံခန့်ခွဲမှုများ၊ သဘာဝ ဘေးဒဏ်များနှင့် သက်ဆိုင်သည့် စီမံခန့်ခွဲမှုများ၊ သဘာဝ ပတ်ဝန်းကျင်နှင့် သက်ဆိုင်သည့် စီမံခန့်ခွဲမှုများ ပါဝင်မည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဟု ၎င်းကပြောဆိုသည်။

ပုဂံဒေသကြီး တစ်ခုလုံးကို စီမံခန့်ခွဲသည့် မူကြမ်းနှင့်ပတ်သက်၍ လိုအပ်ချက်များကို ထည့်သွင်းဖြည့်စွက်နိုင်ရန် သက်ဆိုင်ရာဌာနများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ ဒေသခံများ ပါဝင်သည့် အစည်းအဝေးတစ်ရပ် ပုဂံရှေးဟောင်း သုတေသနပြတိုက်တွင် နိုဝင်ဘာ ၆ ရက်နေ့က ကျင်းပခဲ့သည်။

ယင်းအစည်းအဝေးတွင် ပုဂံဒေသတွင်ရှိသော အဆောက်အအုံများ၊ ဇုန်နယ်နိမိတ် ကျောက်တိုင် စိုက်ထူခြင်းများနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားနိုင်ရန် ပြင်ဆင်ခဲ့သော်လည်း တင်ပြခွင့်မရခဲ့ကြောင်း ပုဂံဒေသ ဖွံ့ဖြိုးတိုးတက်ရေးအသင်း အတွင်းရေးမှူး ဦးဝင်းမောင်က ပြောကြားသည်။

“သူတို့ဟာနဲ့သူတို့ ပြောနေတာနဲ့ပဲ အချိန်ကုန်သွားတယ်၊ မွန်းလွဲ တစ်နာရီ ရောက်တဲ့အထိ ဘာမှ မတင်ပြနိုင်ခဲ့ဘူး။ ကျွန်တော်တို့လည်း ထမင်းဆာတာနဲ့ ထွက်လာခဲ့လိုက်တယ်”ဟု ၎င်းကပြောဆိုသည်။

ပုဂံဒေသကြီး တစ်ခုလုံးကို စီမံခန့်ခွဲမည့် အစီအမံများ ပါဝင်သည့် နောက်ဆုံးအဆင့် မူကြမ်းကို ၂၀၁၈ ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ယူနက်စကိုသို့ တင်ပြရမည်ဖြစ်ရာ ၂၀၁၈ ခုနှစ် တစ်နှစ်လုံးတွင် ယူနက်စကိုမှ တာဝန်ရှိသူများက တင်ပြထားချက်များနှင့် ကိုက်ညီမှု ရှိ မရှိ လာရောက် စစ်ဆေးမည်ဖြစ်ကာ ၂၀၁၉ ခုနှစ်မှသာ ယူနက်စကို၌ ဆွေးနွေးဆုံးဖြတ်မည်ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၏ လုပ်ငန်းစဉ်များအရ သိရသည်။

ပုဂံဒေသသည် ကမ္ဘာ့အထင်ရှားဆုံး ရှေးဟောင်းဒေသ ဖြစ်သော်လည်း ယခုအချိန်ထိ ယူနက်စကို အသိအမှတ်ပြု ကမ္ဘာ့အမွေအနှစ် နယ်မြေအဆင့် မရခဲ့ကြောင်း၊ ရှေးဟောင်း တန်ဖိုးများကို နားမလည်ခဲ့ခြင်း၊ ပညာရှင်များ၏ ကောင်းမြတ်သော အကြံဉာဏ်များကို အပြည့်အစုံ မရခဲ့ခြင်းတို့ကြောင့်ဖြစ်ကြောင်း  သာသာနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားထားဖူးသည်။

M-05



FOLLOW US