News

POST TAGGED AS

အဆောက်အအုံ

ခွင့်ပြုချက်မဲ့ အဆောက်အအုံ ဆောက်လုပ်သူကို အမှုဖွင့်
ရန်ကုန်၊ အောက်တိုဘာ ၂၅

လှိုင်သာယာမြို့နယ်၊ အလယ်ကျေးရွာ၊ မြေတိုင်း (၂၂)၊ ဦးဖိုးလှိုင်လမ်းနှင့် ရေတံခါးလမ်းထောင့်ရှိ မြေကွက်တစ်ခုတွင် စည်ပင်သာယာဌာန၏ ခွင့်ပြုချက်မရှိဘဲ နေအိမ်တိုက်ခန်း ဆောက်လုပ်သူကို စည်ပင်ဥပဒေဖြင့် အမှုဖွင့် တိုင်ကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

စည်ပင်သာယာဌာန၏ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်နေသည့် အဆောက်အအုံမှာ ပေ ၂၀ x ၁၀ ပေအကျယ်ရှိ RC နှစ်ထပ် အဆောက်အအုံ တစ်လုံးဖြစ်ကြောင်း၊ ခွင့်ပြုမိန့်မရမီ လုပ်ငန်းဆောင်ရွက်ခြင်း မပြုလုပ်ရန် အောက်တိုဘာလ ၂ ရက်နေ့က အကြောင်းကြားစာ ထုတ်ဆင့်သော်လည်း လိုက်နာဆောင်ရွက်ခြင်း မရှိဘဲ ဆက်လက် လုပ်ကိုင်နေသည့်အတွက် ရဲစခန်းသို့ လာရောက် အမှုဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“မြောက်ပိုင်းခရိုင် အင်ဂျင်နီယာဌာန (အဆောက်အအုံ)က ဒေါ်ယမင်းခင်ကနေ အမှုဖွင့်ခဲ့တာ၊ အဆောက်အအုံ ဆက် မဆောက်ဖို့ တားတယ်၊ ဒါပေမဲ့ မရပ်ဘူး၊ ရုံးလာဖို့ ခေါ်တာလည်း မလာဘူး၊ အဲဒါကြောင့် ရဲစခန်းမှာ လာအမှုဖွင့်တာ၊ စည်ပင်သာယာရေး အက်ဥပဒေပုဒ်မ ၆၈ နဲ့ ဖွင့် ထားပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ယင်းအဆောက်အအုံ ဆောက်လုပ်ထားသည့် အမြင့်သည် ဗို့အား ၁၁,ဝ၀ဝ ခန့်ရှိသည့် မဟာဓာတ်အားလိုင်းနှင့် ၁ ပေ ခန့်အကွာ နီးကပ်နေပြီး အဆောက်အအုံအား ဓာတ်အား စီးဆင်း၍ လူအား ဓာတ်လိုက်ခြင်း၊ အဆောက်အအုံအား မီးလောင်နိုင်ခြင်း စသည့် လျှပ်စစ်အန္တရာယ်စက်ကွင်းအတွင်း ရောက်ရှိနေသောကြောင့် အဆောက်အအုံ အပေါ်ထပ်အား ဖယ်ရှားပေးရန် မြို့နယ်လျှပ်စစ်ဦးစီးဌာနက တားမြစ်သော်လည်း လိုက်နာဆောင်ရွက်ခြင်း မရှိသဖြင့် အောက်တိုဘာလ ၂၂ ရက်နေ့က မြို့နယ် လျှပ်စစ် မန်နေဂျာ ဦးအောင်ဇော်မျိုးက ယင်းမြို့မရဲစခန်းတွင် လျှပ်စစ်ဥပဒေပုဒ်မ ၆၁ ဖြင့် အမှုဖွင့် တိုင်ကြားထားကြောင်း စုံစမ်းသိရှိရသည်။

J-16



FOLLOW US