News

POST TAGGED AS

အဆောက်အအုံ

ပြင်သစ်ချေးငွေဖြင့် မန္တလေးမြို့ ရေပေးရေးစနစ် အဆင့်မြှင့်ရန် စီစဉ်
မန္တလေး၊ စက်တင်ဘာ ၂၄

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အနေနှင့် ရေပေးဝေရေးစနစ် ဖွံ့ဖြိုးတိုးတက်စေရန် ပြင်သစ်နိုင်ငံ၏ ချေးငွေဖြင့် အဆင့်မြှင့်တင်ရေး စီစဉ်နေကြောင်း ယင်းကော်မတီ ရေနှင့်သန့်ရှင်းရေးဌာန ရေဖြန့်ဖြူးရေးဌာနခွဲ ဌာနမှူး ဦးခင်မောင်သင်းက ပြောကြားသည်။

အဆိုပါ စီမံကိန်းအရ မန္တလေးမြို့ပေါ် ကန့်သတ်ဧရိယာများတွင် အပိုင်း ၄၀ ခန့်ခွဲကာ ရေစီးနှုန်းတိုင်းမီတာများ (Flow Meter) များ တပ်ဆင်ကာ ပြင်ဆင်နေကြောင်း၊ ရေသွင်းစက်ရုံများတွင်လည်း ရေစီးနှုန်းတိုင်း ကိရိယာများ (Flow Meter) ယခုလအတွင်း တပ်ဆင်မည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အနေနှင့် လွန်ခဲ့သည့် ၂၅  နှစ်ခန့် ကတည်းက ရေဖြန့်ဖြူးပေးခဲ့သော်လည်း ရေစီးနှုန်းတိုင်းမီတာများ တပ်ဆင်အသုံးပြုခြင်း မရှိခဲ့ကြောင်း၊ ယင်းမီတာများ တပ်ဆင်ပြီးပါက ရေဖြန့်ဖြူးပေးမှု ပမာဏကို အတိအကျ တွက်ချက်ပေးနိုင်မည် ဖြစ်ကာ လေလွင့်ဆုံးရှုံးမှုများကိုလည်း လျှော့ချပေးနိုင်မည် ဖြစ်ကြောင်း ဦးခင်မောင်သင်းက ရှင်းပြသည်။ 

“ရေသွင်းစက်ရုံ တစ်ခုချင်းစီက ဖြန့်လိုက်တဲ့ရေ ဘယ်လောက်ရှိတယ် ဆိုတာလဲ အတိအကျ သိနိုင်တာပေါ့။ အိမ်ခြေ ၂၀၀၀ မှာ Flow Meterတစ်လုံးဆိုရင် အဲဒီအိမ်ခြေ ၂၀၀၀ ထဲကို ဝင်သွားမယ့် ရေပမာဏနဲ့ ရေသွင်းစက်ရုံက ထွက်သွားတဲ့ ပမာဏ ကိုက်မကိုက် ဆိုတာမျိုးကအစ သိရမယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါစီမံကိန်းအတွက် ယူရိုသန်း  ၄၀ အသုံးပြုသွားမည်ဖြစ်ရာ သုံးနှစ်ကာလအတွင်း မန္တလေးမြို့ပေါ်ရှိ မြို့နယ် လေးခုအတွင်း စည်ပင်ရေ ဖြန့်ဖြူးပေးနိုင်မှု ၉၀ ရာခိုင်နှုန်းခန့်အထိ ရှိလာမည်ဖြစ်ကြောင်း ရေနှင့်သန့်ရှင်းရေးဌာန ရေဖြန့်ဖြူးရေး ဌာနခွဲထံမှ သိရသည်။

“စည်ပင်ရေက သူ့အချိန်နဲ့သူ တင်ရတယ်။ တစ်ခါတစ်ခါ  ညဘက်တွေမှာပဲ ရတယ်။ ရေကျနည်းတာတွေလည်း ကြုံရတယ်” ဟု ချမ်းမြသာစည်မြို့နယ် ဒေသခံ ဒေါ်ညိုက ပြောဆိုသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အနေနှင့် လက်ရှိတွင် ကျုံးရေကိုသာ အဓိကထား ဖြန့်ဖြူးပေးနေခြင်း ဖြစ်ပြီး ၂၄ နာရီပတ်လုံး ရေသုံးစွဲနိုင်မှု မရှိသေးဘဲ ၁၂ နာရီခန့်သာ ရေဖြန့်ဖြူးပေးနိုင်သေးသည်။

ယင်းကော်မတီ အနေနှင့် ဘဏ္ဍာနှစ်အလိုက် ရေပေးဝေရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်လျက် ရှိရာ လက်ရှိတွင် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ကူညီထောက်ပံ့ငွေဖြင့် ပြည်ကြီးတံခွန်မြို့နယ်၏ ၃၀ ရာခိုင်နှုန်းကို ရေဖြန့်ဝေပေးနိုင်ရန် စီစဉ်နေသည့်အပြင် အာရှဖွံ့ဖြိုးရေးဘဏ် ADB နှင့် ပြင်သစ်နိုင်ငံ အခြေစိုက် ဖွံ့ဖြိုးရေးအေဂျင်စီ AFD တို့၏ ထောက်ပံ့ငွေဖြင့်လည်း အမရပူရမြို့နယ်ကို ရေဖြန့်ဝေပေးရန် အကောင်အထည်ဖော်လျက်ရှိသည်။

ယင်းအပြင် ပိုက်လိုင်းအသစ်များ လဲလှယ်ခြင်း၊ ပြင်ဆင်ခြင်း၊ ရေအားပိုမိုကောင်းမွန်စေရန် ရေတွင်းတူးဖော်ခြင်း၊ ရေစက်များ၊ ရေလှောင်ကန်များ တည်ဆောက်ခြင်း၊ ရေအလေအလွင့် လျော့နည်းစေရန် ဆောင်ရွက်ခြင်းများကိုလည်း ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်လျက်ရှိကြောင်း၊ လာမည့်သုံးနှစ်အတွင်း အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေနှင့် ချမ်းမြသာစည်မြို့နယ်တို့၏ ၉၀ ရာခိုင်နှုန်းသော လူဦးရေ ခုနစ်သိန်းခန့်ကို ၂၄ နာရီပတ်လုံး သန့်ရှင်းသောရေ ပေးဝေနိုင်ရန် ရည်မှန်းထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။         

ဝင်းရွှေရည်ဦး



FOLLOW US