News

POST TAGGED AS

အိုလံပစ်ပွဲတော်

အိုလံပစ်ပွဲတော်တွင် မြောက်ကိုရီးယားတို့နှင့်အတူ ညစာစားမည့်အစီအစဉ်ကို အမေရိကန်ဒုသမ္မတ ရှောင်ရှား


ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၀ 

တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပပြုလုပ်သော ဆောင်းရာသီအိုလံပစ် အားကစားပွဲတော်သို့ တက်ရောက်နေသော အမေရိကန်ပြည်ထောင်စု ဒုတိယသမ္မတ မိုက်ပန့်စ်သည် မြောက်ကိုရီးယား ကွန်မြူနစ်အစိုးရ ခေါင်းဆောင်ပိုင်းနှင့်အတူ ညစာစားရမည့် အစီအစဉ်ကို ရှောင်လွှဲခဲ့ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

ဒုသမ္မတမိုက်ပန့်စ်သည် အိုလံပစ်ပွဲတော်သို့ တက်ရောက်လာသော မြောက်ကိုရီးယားအစိုးရ အရာရှိ ကင်ယောင်နမ်နှင့် ခဏတာမျှတွေ့ခဲ့သော်လည်း ၎င်းတို့နှစ်ဦးစလုံးက မျက်နှာချင်းဆိုင် စကားပြောရမည့် အခြေအနေကို ရှောင်ရှားခဲ့ကြသည်ဟု Yonhap သတင်းဌာနက ဖော်ပြသည်။ 

သို့သော် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက အိုလံပစ်အားကစားပွဲ ဖွင့်ပွဲအခမ်းအနားတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း၏ နှမဖြစ်သူ ကင်ယိုဂျောင်နှင့် လက်ဆွဲနှုတ်ဆက်ခဲ့သည်။ 

အဆိုပါ ဆောင်းရာသီအိုလံပစ်ပွဲတော်သည် မြောက်ကိုရီးယားနျူကလီးယား အစီအစဉ်ကြောင့် ကိုရီးယားကျွန်းဆွယ်ဒေသ တင်းမာမှုများ မြင့်တက်နေချိန်တွင် ကျင်းပခြင်းဖြစ်သည်။ 

မြောက်ကိုရီးယား အစိုးရအရာရှိ ကင်ယောင်နမ်သည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး အန်တိုနီယိုဂူတာရီစ်နှင့် ညစာစားပွဲတွင် ခဏတာမျှ တွေ့ဆုံခဲ့သည်။ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူကမူ ကိုရီးယားကျွန်းဆွယ်ဒေသ ငြိမ်းချမ်းစွာ နျူကလီးယားဖြုတ်သိမ်းမည့် အစီအစဉ်ပေါ်ပေါက်လာမည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။ 
 
တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းကမူ ယင်းအားကစားပွဲတော် ဖွင့်ပွဲမစတင်မီ ဒုသမ္မတမိုက်ပန့်စ်နှင့် ကင်ယောင်နမ်တို့ကို တည်ခင်းဧည့်ခံမှုများ ပြုလုပ်ခဲ့သည်။ သို့သော် ဒုသမ္မတ မိုက်ပန့်စ်က တည်ခင်းဧည့်ခံသည့်နေရာတွင် ငါးမိနစ်ကြာမျှသာနေပြီးနောက် ထွက်ခွာသွားကြောင်း တောင်ကိုရီးယား Yonghap သတင်းဌာနက ဆိုသည်။ 

သမ္မတမွန်ဂျေအင်းကမူ ဆောင်းရာသီ အိုလံပစ်ပွဲတော်သည် ငြိမ်းချမ်းရေးစတင်သည့် နေ့အဖြစ် မှတ်တမ်းတင်ခံရမည် ဖြစ်ကြောင်း ပြောကြားသည်။ ၎င်းသည် စနေနေ့တွင် ဆောင်းရာသီ အိုလံပစ်ပွဲတော်သို့ တက်ရောက်သည့် မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲ့သည်။ 

အိုလံပစ်ပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် ဒုသမ္မတမိုက်ပန့်စ်၊ ကင်ယိုဂျောင်နှင့် ကင်ယောင်နမ်တို့ အနီးကပ်ယှဉ်တွဲထိုင်ခဲ့ကြသည်။  

F-01



FOLLOW US