News

POST TAGGED AS

အုပ်ချုပ်ရေး

ရပ်ကွက်အုပ်ချုပ်ရေးမှူးများအတွက် နှစ်စဉ် ကျပ်သန်းနှစ်သောင်းကျော် ပေးအပ်နေရဟုဆို
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုများ၏ အုပ်ချုပ်ရေးမှူးများအတွက် လစဉ်ထောက်ပံ့ငွေနှင့် ရုံးအသုံးစရိတ်စုစုပေါင်း နှစ်စဉ် ကျပ်သန်း ၂၄၃၄၄ ဒသမ ၆၄ သန်းကို ထောက်ပံ့နေရကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားသည်။

ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် ၁၂ မှ ဦးစိုင်းစံအောင်က ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ ထောက်ပံ့ငွေများကို ပြန်လည်စိစစ်ရန် သုံးသပ်ပေးရန် အစီအစဉ် ရှိ မရှိ အမျိုးသားလွှတ်တော်၌ မေးမြန်းခဲ့ခြင်းဖြစ်ပြီး ၎င်းက ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အုပ်ချုပ်ရေးမှူးတစ်ဦးလျှင် လစဉ်ထောက်ပံ့ငွေ ၇ သောင်းကျပ်ဖြင့် တစ်လလျှင် ၁၁၈၃ ဒသမ ၄၂၀ သန်း ကုန်ကျပြီး တစ်နှစ်စာအတွက် ကျပ် ၁၄၂၀၁ ဒသမ ဝ၄ သန်းထောက်ပံ့လျက်ရှိကြောင်း၊ ယင်းအပြင် ရုံးအသုံးစရိတ် တစ်လလျှင် ၅ သောင်းကျပ် ပေးအပ်လျက်ရှိသောကြောင့် တစ်လလျှင် ကျပ်သန်း ၈၄၅ ဒသမ ၃၀ ဖြစ်ပြီး တစ်နှစ်လုံးအတွက် ကျပ် ၁၁,၀၄၃ ဒသမ ၆၀ သန်း အသုံးပြုထောက်ပံ့နေရကြောင်း ဗိုလ်ချုပ်အောင်စိုးက ရှင်းပြသည်။

၂၀၁၇ ခုနှစ်၌ တစ်နိုင်ငံလုံးတွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုပေါင်း ၁၆,၇၀၀ ကျော်ရှိရာမှ ၂၀၁၈ ခုနှစ်တွင် ၁၆,၉၀၆ ခုအထိ တိုးချဲ့ဖွဲ့စည်းခဲ့ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၏ လစာထောက်ပံ့ငွေများကို နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေ အခြေအနေနှင့် ခေတ်ကာလအပေါ်မူတည်၍ တိုးမြှင့်ပေးလျက်ရှိသောကြောင့် လက်ရှိအချိန်တွင် မေးခွန်းပါ အချက်အလက်အတိုင်း ပြန်လည်စဉ်းစားသုံးသပ်ရန် အစီစဉ်မရှိသေးကြောင်း ၎င်းက ထပ်လောင်းပြောသည်။

အုပ်ချုပ်ရေးမှူးများကို ၂၀၁၂ -၂၀၁၃ ဖြည့်စွက်ဘဏ္ဍာငွေမှစ၍ လစဉ်ချီးမြှင့် ငွေ ၇ သောင်းကျပ်၊ အုပ်ချုပ်ရေးရုံးအသုံး စရိတ်တို့ကို သတ်မှတ်ပေးခဲ့ပြီး တိုင်းနှင့်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးရုံးမှတစ်ဆင့် ထုတ်ပေးလျက်ရှိကြောင်း၊ ရုံးအသုံးစရိတ်မှာ စက်ဆီ၊ ဓာတ်ဆီ၊ ချောဆီနှင့် သယ်ယူပို့ဆောင်ခအဖြစ် ခေါင်းစဉ်အလိုက် ခွင့်ပြုထားရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဆိုသည်။ 

S-01




FOLLOW US