News

POST TAGGED AS

အုပ်ချုပ်ရေး

မြောက်ဦးမြို့ ဒေသခံသုံးဦးကို မတရားအသင်း ဆက်သွယ်မှုဖြင့်အမှုဖွင့်
စစ်တွေ၊ ဖေဖော်ဝါရီ ၅

မြောက်ဦးမြို့နယ် တိန်ညိုကျေးရွာမှ ကျေးရွာသားသုံးဦးကို မတရားအသင်း ဆက်သွယ်မှု အက်ဥပဒေပုဒ်မ ၁၇ (၁)ဖြင့် အမှုဖွင့်ထားကြောင်း မြောက်ဦးခရိုင် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ 

အဆိုပါ သုံးဦးကို အမှုဖွင့်ထားသည်မှာ မှန်ကန်ပြီး ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် စစ်ဆေးနေကြောင်း၊ အသေးစိတ် အချက်အလက်နှင့် ပတ်သက်၍ ၎င်းအနေနှင့် ပြောကြားခြင်း မရှိပေ။ 
တိန်ညိုကျေးရွာ ဒေသခံ ကိုကျော်မြင့်(၂၈ နှစ်)၊ ဦးမောင်ဝင်းနိုင်(၄၀ နှစ်)၊ ဦးအေးကျော်ထွန်း (၄၁ နှစ်) တို့ကို မတရားအသင်း ဆက်သွယ်မှုပုဒ်မဖြင့် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ 

တိန်ညို ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် ဒေသခံ ၆ ဦးကို မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့က သံသယရှိသဖြင့် ဖေဖော်ဝါရီ ၂ ရက်က ခေါ်ယူစစ်ဆေးမေးမြန်းခဲ့ကြောင်း၊ ယင်းနောက် ဖေဖော်ဝါရီ ၄ ရက်တွင် ဒေသခံ ၃ ဦးကို အမှုဖွင့်ကာ ဖမ်းဆီးထားပြီး ကျန်သုံးဦးအနက် အုပ်ချုပ်ရေးမှူးကို ပြန်လွှတ်ပေးလိုက်သော်လည်း နှစ်ဦးကို စစ်ဆေးနေကြောင်း ၎င်းထံမှသိရသည်။ 

“သူတို့ကို ဘာကြောင့် စစ်ဆေးဖို့ ခေါ်သွားတာလဲဆိုတာ မသိရဘူး၊ အစကတော့ အုပ်ချုပ်ရေးမှူး ဦးဘိုဘိုမင်းသိုက် အမှုကြောင့်လို့ထင်တာ၊ အခုက ဘာကိစ္စနဲ့လဲ ဘာကြောင့်လဲဆိုတာ မသိရဘူး၊ အခုပြန်လွတ်လာတဲ့ အုပ်ချုပ်ရေးမှူးရဲ့ ဖုန်းတွေလည်း သိမ်းထားတယ်”ဟု ၎င်းက ဆက်ပြောသည်။ 

တိန်ညိုကျေးရွာတွင် ဖေဖော်ဝါရီ ၃ရက်က တစ်ကြိမ်၊ ၄ ရက်က တစ်ကြိမ် တိန်ညိုဈေးအနီး ချောင်းထဲ၌ လက်နက် များရှိသည်ဟု ကြားသိသဖြင့် ရဲတပ်ဖွဲ့များ လာရောက်ကာ ရေငုပ်ကာ ပိုက်ကွန်များ ဖြင့် ရှာဖွေသော်လည်း လက်နက်များ မတွေ့ခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရ သည်။ 

မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် သေဆုံးပြီးနောက် သံသယရှိသည်ဟု ယူဆရသော တိန်ညိုကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်မြင့်(အသက် ၄၀ ကျော်)နှင့် မိသားစုဝင် ၄ ဦးကို ဇန်နဝါရီလ ၃၁ ရက်က ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်နှင့် သန်လျင်မြို့နယ်တို့တွင် ဖမ်းဆီးပြီးနောက် တိန်ညိုကျေးရွာ၌လည်း ဖမ်းဆီးမှုများ၊ လက်နက်ရှာဖွေမှုများ ရှိလာခြင်းဖြစ်သည်။

ယင်းအမှုနှင့် ပတ်သက်၍ တိန်ညိုကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်မြင့်၏အိမ်ကို ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေပြီး အိမ်ကိုချိပ်ပိတ်ထားကြောင်း ဦးကျော်မြင့်၏သမီး မတင်တင်မြင့်ကပြောသည်။

“ကျွန်မတို့ကိုတော့ ရဲကတော့ ခေါ်စစ်တယ်။ ထွေထွေထူးထူးတော့ မဟုတ်ဘူး။ မိဘနဲ့ပတ်သက်တဲ့ အကြောင်းတွေပါပဲ၊ မိဘတွေနဲ့တော့ အဆက်အသွယ် မရသေးဘူး။ ကျွန်မမှာလည်း ကိုယ့်အပူနဲ့ ကိုယ်ဖြစ်နေတော့ ဘာမှကို မသိတော့ဘူး”ဟု ၎င်းက ဆိုသည်။ 

တိန်ညိုကျေးရွာအနီးတွင် ဦးဘိုဘို မင်းသိုက်သေဆုံးပြီးနောက် အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်မြင့်နှင့် မိသားစုဝင် များ ဖမ်းဆီးခံရကြောင်း၊ ယင်းအပြင် ရွာသားမျာကို သက်ဆိုင်ရာက စစ်ဆေး ပြီး ရွာသားသုံးဦးကို မတရားအသင်း ဥပဒေဖြင့် အမှုဖွင့်ခြင်း၊ ကျေးရွာတွင် လက်နက်များရှိသည်ဟုဆိုကာ ရဲတပ်ဖွဲ့က ရှာဖွေခြင်းများကို နားလည်ရခက်ခဲနေကြောင်း ဒေသခံများက ပြောသည်။ 

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးအောင်ကို မေးမြန်းသော်လည်း အပြင်ရောက်နေကြောင်း၊ ဖြစ်စဉ်ကို မသိကြောင်းပြောကာ ဖုန်းချသွားသည်။ 

မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်သားစိန်က “ကျွန်တော်တို့သိရတာက လူ ၆ ယောက်ကို စိစစ်ဖို့ခေါ်ယူသွားတယ်လို့ တိန်ညိုကျေးရွာက ဖုန်းဆက်တယ်။ အခြား ထူးထူးခြားခြားတော့ မသိရသေးဘူး”ဟု ပြောသည်။

R-22



FOLLOW US