News

POST TAGGED AS

အုပ်ချုပ်ရေး

ဘက်လိုက်သည်ဆိုသော စွပ်စွဲမှုအပေါ် ကြီးကြပ်ရေးမှူးများ ပြန်ရှင်း
ပြည်၊ ဇန်နဝါရီ ၂၈

ရွှေတောင်မြို့နယ်၊ မြောင်းတပ်ကျေးရွာ အုပ်စုအတွင်း အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ကြီးကြပ်ရေးမှူးများက ဘက်လိုက်ဆောင်ရွက်ခဲ့သည်ဟုဆိုကာ ဒေသခံအချို့က ဆန္ဒပြခဲ့မှုနှင့် ပတ်သက်၍ ကျေးရွာအုပ်စုကြီးကြပ်ရေးမှူးများက ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မြောင်းတပ်ကျေးရွာ၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ပြန်လည်ရှင်းလင်းခဲ့သည်။

အဆိုပါ အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲတွင် ဘက်လိုက်ဆောင်ရွက်မှုများ ရှိသည်ဟုဆိုကာ ပြီးခဲ့သည့် ဇန်နဝါရီလ ၈ ရက်နေ့က မြောင်းတပ်ကျေးရွာမှ ဦးမင်းဦး အပါအဝင် ဒေသခံ ၅၀ ခန့်က ရွှေတောင်မြို့ပေါ်တွင် ကန့်ကွက်ဆန္ဒပြခဲ့သည်။

“ရပ်/ကျေး အုပ်ချုပ်ရေးမှူးရွေးချယ်ရေး ကိုယ်စားလှယ်အရည်အချင်း ဥပဒေ (ဆ) ပါအရ သူ့ကို ချန်လှပ်ထားခဲ့ရတယ်။ ဒါကို ကြီးကြပ်ရေးမှူးတွေက ဘက်လိုက်ရွေးချယ်တယ်ဆိုပြီး ဆန္ဒပြလို့ ပြန်ရှင်းရတာပါ”ဟု မြောင်းတပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ ကြီးကြပ်ရေးမှူး ဦးအောင်ဆန်းဝင်းက ပြောဆိုသည်။

အုပ်ချုပ်ရေးမှူးရွေးချယ်မှုကို ဥပဒေအတိုင်းသာ ဆောင်ရွက်ခြင်းဖြစ်ပြီး အဆိုပါဆန္ဒပြခဲ့သည့် အုပ်ချုပ်ရေးမှူးကိုလည်း ၎င်းတာဝန်ထမ်းဆောင်စဉ်က အဂတိလိုက်စားမှုများနှင့် ပတ်သက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ထံ စာတင်ထားပြီး ယင်းမှတစ်ဆင့် တရားစွဲဆိုသွားရန် လုပ်ဆောင်နေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ကြီးကြပ်ရေးမှူး ရွေးဖို့အတွက် မြို့နယ်ကဆင်းပြီး ရွေးတယ်။ ဒေသခံတွေက လျှို့ဝှက်ဆန္ဒမဲပေးပြီး ကျွန်တော်တို့ကိုရွေးတယ်။ ကိုယ့်ဒေသအတွက် လုပ်ချင်လို့ ဘာထောက်ပံ့ကြေးမှမရဘဲ လုပ်ပေးခဲ့တာပါ”ဟု မြောင်းတပ်ကျေးရွာအုပ်စု ကြီးကြပ်ရေးမှူး ဦးကျော်ကိုသက်က ပြောဆိုသည်။ 

M-06



FOLLOW US