News

POST TAGGED AS

အုပ်ချုပ်ရေး

အချိန်နောက်ကျ၍ ရာအိမ်မှူးအဖြစ် အရွေးချယ်ခံသူတစ်ဦး စာရင်းပယ်ခံရ


မုံရွာ၊ ဇန်နဝါရီ ၂၁

မုံရွာမြို့ပေါ်ရပ်ကွက်များတွင် ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ပွဲများကျင်းပနေရာတွင် ဇန်နဝါရီလ ၂၁ ရက်နေ့က သပြေအေးရပ်ကွက်ရှိ ရာအိမ်မှူးရွေးချယ်ပွဲတွင် အရွေးချယ်ခံမည့် ရာအိမ်မှူးလောင်းနှစ်ဦးအနက် တစ်ဦးမှာ အချိန်မီရောက်ရှိလာခြင်းမရှိ၍ ယင်းပွဲမှ ပယ်ခဲ့ကြောင်း သပြေအေးရပ်ကွက် ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။

သပြေအေးရပ်ကွက် ဇီးတောအမှတ် (၁) ရာအိမ်မှူးရွေးချယ်ပွဲတွင် ရပ်ကွက်နေသူများက မဲပေးရွေးချယ်မှုကို ယင်းနေ့ နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ကျင်းပစဉ် ယှဉ်ပြိုင်အရွေးခံသူနှစ်ဦးဖြစ်သည့် ဦးချို အသက် ၆၆ နှစ်နှင့် ဦးကျောက်ခဲ အသက် ၅၂ နှစ်တို့အနက် လက်ရှိအုပ်ချုပ်ရေးမှူးဖြစ်သည့် ဦးကျောက်ခဲသည် အချိန်မီရောက်ရှိမလာသဖြင့် ရာအိမ်မှူးလောင်းအဖြစ်မှပယ်ဖျက်ကာ ဦးချိုကို ရာအိမ်မှူးအဖြစ်ရွေးချယ်ခဲ့ကြောင်း အဖွဲ့ခေါင်းဆောင် ဦးဌေးမြင့်အောင်က ပြောကြားသည်။

သမီးဖြစ်သူ ဘွဲ့ယူရာသို့သွားရောက်နေ၍ ရွေးချယ်ပွဲသို့ အချိန်မီရောက်မလာခြင်းဖြစ်ပြီး ယင်းသို့နောက်ကျမှ ရောက်ရှိလာခဲ့၍ မဲပေးချိန်တိုးပေးရန် တောင်းပန်သော်လည်း ကြီးကြပ်ရေးအဖွဲ့က ခွင့်မပြုခဲ့ကြောင်း၊ ယင်းကြောင့် ၎င်းကိုပယ်၍ ဦးချိုကို ရာအိမ်မှူးပေးခြင်းကို သက်ဆိုင်ရာသို့ စာတင်ကန့်ကွက်မည်ဖြစ်ကြောင်း လက်ရှိအုပ်ချုပ်ရေးမှူးလည်းဖြစ်သူ သပြေအေးအုပ်ချုပ်ရေးမှူး ဦးကျောက်ခဲက ပြောဆိုသည်။

သပြေအေးရပ်ကွက်တွင် နယ်မြေ ၁၃ ခု သတ်မှတ်ထားပြီး အိမ်ထောင်စုပေါင်း ၁၆၇၄ စုရှိကာ ရာအိမ်မှူးလောင်း ၁၂ ဦးက ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် ဝင်ရောက်ယှဉ်ပြိုင် အရွေးခံမည်ဖြစ်ကြောင်း ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။

R-08



FOLLOW US