News

POST TAGGED AS

အုပ်ချုပ်ရေး

ရွှေတောင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲကို မကျေနပ်၍ ဆန္ဒပြ


ပြည်၊ ဇန်နဝါရီ ၈

ရွှေတောင်မြို့နယ်အတွင်း ဇန်နဝါရီလ ၆ ရက်နေ့က ရွေးချယ်ခဲ့သည့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ရွေးချယ်မှုတွင် ကြီးကြပ်ရေးမှူးက ဘက်လိုက် ဆောင်ရွက်မှုများရှိသည်ဟုဆိုကာ ဒေသခံ လူအင်အား ၅၀ ခန့်သည် ဇန်နဝါရီလ ၈ ရက်နေ့ နံနက်ပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရသည်။ 

အဆိုပါ ဆန္ဒထုတ်ဖော်မှုကို ရွှေတောင်မြို့၊ အာဇာနည်ကျောက်တိုင်တွင် စုဝေးကာ လမ်းတစ်လျှောက်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တစ်ဆင့် အာဇာနည်ကျောက်တိုင်သို့ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကြီးကြပ်ရေးအဖွဲ့ရဲ့ တရားမမျှတတဲ့ကိစ္စတွေက များပြားနေပါတယ်။ ပြည်သူတွေ မခံနိုင်ပါဘူး။ ဆယ်အိမ်မှူး ရွေးချယ်တာကစပြီး နှစ်ကြိမ်တိုင်တိုင် ရွေးချယ်ပြီး ဒီလူကို တင်မြှောက်ခဲ့သော်လည်းပဲ ပယ်ဖျက်ပြီး အဆင့်ဆင့် ဆယ်အိမ်မှူး ရာအိမ်မှူး အုပ်ချုပ်ရေးမှူးဆီ သူတို့ အဂတိလိုက်စားသလို တစ်ဖက်သတ်လုပ်ပိုင်ခွင့် အသုံးချပြီး ရွေးချယ်သွားပါတယ်။ ဒါကို ပြည်သူတွေလက်မခံကြောင်း ဆန္ဒထုတ်ဖော်တာပါ”ဟု မြောင်းတပ်ကျေးရွာမှ ဦးမင်းဦးက ပြောဆိုသည်။

ထို့ပြင် ယခုကဲ့သို့ ဘက်လိုက် ဆောင်ရွက်မှုများရှိနေသည့် ရွေးကောက်ပွဲကို သက်ဆိုင်ရာဌာနများမှနေ၍ ပြည်သူများ ပွင့်လင်းမြင်သာစွာ သိရှိစေရန်ဖြေရှင်း ဆောင်ရွက်ပေးစေလိုကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရွှေတောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ ဆက်သွယ်မေးမြန်းရာတွင် ဦးစီးမှူးမှာ အစည်းအဝေး သွားနေသည့်အတွက် ဖြေကြားပေးနိုင်ခြင်းမရှိသေးကြောင်း ယင်းရုံးတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ 

M-06




FOLLOW US