News

POST TAGGED AS

အုပ်ချုပ်ရေး

08-Jan-2018

ပြည် အနုပညာ
ပြည်တွင် စာချစ်သူအဖွဲ့ ဖွဲ့စည်း


ပြည်၊ ဇန်နဝါရီ ၇

ပြည်မြို့ရှိ အနုပညာရှင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ စာချစ်သူများအဖွဲ့ Book Club ဖွဲ့စည်းခဲ့ကြောင်း အဆိုပါအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦးက ပြောကြားသည်။

ပြည်သူများအတွက် အလုပ်လုပ်ကြရန် အားလုံးပါဝင်ပြီး လိုအပ်နေသည့် စာဖတ်ခြင်း၊ စာပေလေ့လာခြင်းများ ပိုမိုရှိစေရန်ရည်ရွယ်၍ ဖွဲ့စည်းရခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရှိရသည်။

“အဖွဲ့ဖွဲ့ပြီးသွားရင် ပြပွဲပြိုင်ပွဲတွေ ဆွေးနွေးပွဲတွေ သင်တန်းတွေလုပ်သွားမှာပါ။ ကာတွန်း၊ ပန်းချီ၊ ဓာတ်ပုံ စတဲ့ အနုပညာအဖွဲ့အားလုံးပါဝင်တဲ့ ပြည်ဒေသရှိ စာပေအနုပညာယဉ်ကျေးမှုချစ်သူများအဖွဲ့လို့ သတ်မှတ်ထားပါတယ်” ဟု ဥက္ကဋ္ဌ ဦးမြင့်ဦးက ပြောဆိုသည်။

အဆိုပါ အဖွဲ့အတွင်း ပြည်ဒေသခံ အနုပညာရှင်များ ပါဝင်ပြီး ရေရှည်တွင် အနုပညာမျိုးဆက်သစ်များ မွေးထုတ်နိုင်ရန်ရည်ရွယ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ပြည်ခရိုင်မှာ စလုပ်တာပေါ့နော်။ မြို့နယ်တွေမှာလည်း စုစည်းပြီး လုပ်ဖို့ရှိတယ်။ အခုဆို စာချစ်သူအဖွဲ့၊ အမျိုးသမီးအဖွဲ့၊ လူငယ်အဖွဲ့ စတာတွေနဲ့ စာဖတ်လာအောင် ဆွေးနွေးပွဲတွေ လုပ်နေတယ်။ ကလေးတွေကိုလည်း ပုံဆွဲဆေးခြယ်၊ ပန်းချီ၊ ပုံပြောတွေနဲ့ ပါဝင်လာအောင် လုပ်နေပါတယ်” ဟု ပြည်ခရိုင် ပြန်/ဆက်ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မူမူခင်က ပြောဆိုသည်။ 

အဆိုပါ စာပေအနုပညာယဉ်ကျေးမှုအဖွဲ့ကို ပြည်မြို့ရှိ ကဗျာဆရာများ၊ ပန်းချီပညာရှင်များ၊ စာရေးဆရာများ၊ ကာတွန်းဆရာများ၊ စာအုပ်ဆိုင်လုပ်ကိုင်သူများ၊ စာကြည့်တိုက်မှူးနှင့် စာဖတ်သူများ၊ ဓာတ်ပုံပညာရှင်များ၊ သတင်းထောက်များ ပါဝင်၍ ဇန်နဝါရီလ ၇ ရက်နေ့နံနက်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးခန်းမတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

M-06



FOLLOW US