News

POST TAGGED AS

အုပ်ချုပ်ရေး

ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲ မဲမသမာမှုများရှိဟု ဒေသခံများဝေဖန်


မန္တလေး၊ ဇန်နဝါရီ ၇

မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ရပ်ကွက်၌ ဒီဇင်ဘာလကကျင်းပခဲ့သော ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွင် ကြီးကြပ်ရေးအဖွဲ့ဝင်များက မဲမသမာမှုပြုလုပ်ခဲ့သည်ဟု ရပ်ကွက်ဒေသခံများက ဝေဖန်ပြောကြားသည်။

ယင်းသို့ မဲမသမာမှုများ ပြုလုပ်ခဲ့သည့်အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲကို ပြန်လည်ကျင်းပပေးရန် တောင်းဆိုမည်ဟု ၎င်းတို့က ပြောဆိုသည်။ 

“ကြီးကြပ်ရေးအဖွဲ့ကအစ အသစ်ပြန်ရွေးပြီး အုပ်ချုပ်ရေးမှူးကို ပြန်လည်ရွေးချယ်ပေးဖို့ မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်ကနေ ပြည်ထောင်စုအထိ အဆင့်ဆင့်တင်ပြတိုင်မယ်။ တကယ်လို့ လုပ်မပေးဘူးဆိုရင် ကျွန်တော်တို့ ဆန္ဒဖော်ထုတ်မယ်”ဟု ရပ်မိရပ်ဖတစ်ဦးဖြစ်သည့် ဦးခင်တင်က ပြောကြားသည်။ 

ကြီးကြပ်ရေးအဖွဲ့အနေနှင့် ဆယ်အိမ်စု စုဖွဲ့ရာတွင် တစ်ဆက်တစ်စပ်တည်း မဟုတ်ဘဲ နယ်ကျော်စုဖွဲ့များရှိသည့်အပြင် ပွင့်လင်းမြင်သာစွာ ချမပြခြင်း၊ မဲပေးရာတွင် မသမာမှုရှိခြင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဝင်ရောက်စွက်ဖက်မှုများ ရှိခြင်းတို့ကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ပြန်လည် ရွေးချယ်ပေးစေလိုကြောင်း ၎င်းက ပြောဆိုသည်။

အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲကို ဒီဇင်ဘာလ ၂၈ ရက်နေ့က ကျင်းပခဲ့ရာတွင် အမျိုးသားဒီမိုကရေအဖွဲ့ချုပ် NLD ပါတီ၏ ရပ်ကျေး အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအုန်းကျော် အနိုင်ရရှိခဲ့ကြောင်း ရပ်ကွက်နေသူများထံမှ သိရသည်။

“ကျွန်မမဲပေးရမယ့်နေရာမှာ တခြားတစ်ယောက်က မဲပေးပြီးသားဖြစ်နေတယ်။ ကျွန်မလို ဘယ်နှယောက်လောက် ဒီလိုဖြစ်မယ်မှန်းမသိဘူး”ဟု ရပ်ကွက်ဒေသခံ ဒေါ်အေးသန်းက ပြောကြားသည်။

ရဲမွန်တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ရာ၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနှင့် ပါဝင်စွက်ဖက်ခြင်း မရှိခဲ့ကြောင်းနှင့် ပါတီပုံရိပ် ကျဆင်းအောင်လုပ်ပါက တရားစွဲမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရဲမွန်တောင်ရပ်ကွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဦးဝင်းဘိုက တုံ့ပြန်ပြောဆိုသည်။

“ကျွန်တော့်ရပ်ကွက် ကျွန်တော်ကောင်းစားရေး လုပ်တာမှားလား။ မဲပေးတဲ့နေ့က ပါတီအနေနဲ့ဘာမှမလုပ်ဘူး။ ပါတီပုံရိပ်ပါတဲ့ ပင်နီမဝတ်ဘူး။ ရင်ထိုးတံဆိပ်လည်း မတပ်ဘူး”ဟု ၎င်းက ပြောကြားသည်။

ရဲမွန်တောင်ရပ်ကွက်၏ လက်ရှိ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးထွန်းထွန်း ဦးဆောင်ကာ ရပ်မိရပ်ဖအချို့တို့ကလည်း ဒီဇင်ဘာလ ၁၈ ရက်နေ့က အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး ကြီးကြပ်ရေးအဖွဲ့အနေနှင့် ဆယ်အိမ်စု စုဖွဲ့ရာတွင် ဥပဒေနှင့်အညီ စုဖွဲ့ပေးခြင်းမရှိဟုဆိုကာ ကန့်ကွက်ကြောင်း ရှင်းလင်းခဲ့သေးသည်။              

M-04



FOLLOW US