News

POST TAGGED AS

အုပ်ချုပ်ရေး

ဗိုလ်ချုပ်၏ ဂုဏ်ကျေးဇူး သိရှိစေရန် ရုပ်တုများဖွင့်လှစ်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြော


တောင်ငူ၊ ဇန်နဝါရီ ၆ 

ယခင်က ဗိုလ်ချုပ်အောင်ဆန်း၏ အခန်းကဏ္ဍကို မှေးမှိန်အောင် ပြုလုပ်ခံခဲ့ရသည့်အတွက် လူငယ်များအနေနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ ဂုဏ်ကျေးဇူးကို သိရှိနားလည်ရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဗိုလ်ချုပ်ကြေးရုပ်တုများ စိုက်ထူဖွင့်လှစ်နေရခြင်း ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားသည်။

လက်ရှိအစိုးရလက်ထက် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုများ တိုင်းနှင့်ပြည်နယ် အနှံ့အပြားတွင် စိုက်ထူဖွင့်လှစ်နေခြင်းနှင့် ပတ်သက်ပြီး ဝေဖန်မှုများကို ဇန်နဝါရီလ ၆ ရက်နေ့နံနက်က ထန်းတပင်မြို့နယ်တွင် ဗိုလ်ချုပ်ကြေးရုပ် ဖွင့်လှစ်ပွဲ၌ အမှာစကားပြောကြားရာတွင် ယင်းကဲ့သို့ တုံ့ပြန်ပြောဆိုခဲ့သည်။ 

“အခုမှ ဘာလို့ မြိုင်မြိုင်ဆိုင်ဆိုင် ဖွင့်လှစ်နေရသလဲလို့မေးရင် အရင်က ဗိုလ်ချုပ်ရဲ့ အခန်းကဏ္ဍတွေ၊ သင်္ကေတတွေနဲ့ အမှတ်အသားတွေကို မှေးမှိန်ဖို့ လုပ်ဆောင်ခံခဲ့ရတယ်၊ အခုချိန် ဗိုလ်ချုပ်ရဲ့ကျေးဇူးနဲ့ ချမှတ်ခဲ့တဲ့လမ်းစဉ်တွေကို ပြည်သူတွေက မမေ့ပျောက်စေဖို့ အကောင်အထည်ဖော်ဆောင်ဖို့ စိုက်ထူနေရတာ ဖြစ်ပါတယ်”ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောသည်။ 

ပြီးခဲ့သည့် ၂ နှစ်ခန့်က စတင်ကာ တိုင်းနှင့်ပြည်နယ်အနှံ့တွင် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုများ စိုက်ထူဖွင့်လှစ်နေပြီး လွန်ခဲ့သည် တစ်လကျော်က နေပြည်တော် ကောင်စီနယ်မြေ သပြေကုန်းအဝိုင်းတွင် အကြီးဆုံး ဗိုလ်ချုပ်ကြေးရုပ်တုကြီး စိုက်ထူဖွင့်လှစ်ရန် NLD အစိုးရက ပြင်ဆင်နေမှုနှင့်ပတ်သက်၍ ဝေဖန်ပြောဆိုနေမှုများ ရှိနေသည်။ 

တောင်ငူခရိုင် ခြောက်မြို့နယ်တွင်၂၀၁၀ နောက်ပိုင်း ဗိုလ်ချုပ်ကြေးရုပ်တုများ စိုက်ထူဖွင့်လှစ်နေပြီး ပြီးခဲ့သည့် တစ်လခန့်က ရေတာရှည်မြို့နယ် မြို့နယ်အားကစားကွင်းအနီး ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူဖွင့်လှစ်ခဲ့ပြီး ယခု ထန်းတပင်မြို့နယ်တွင် စိုက်ထူခဲ့သည့် ကြေးရုပ်နှင့်ဆိုပါက ကျောက်ကြီးနှင့် အုတ်တွင်းမြို့နယ်မှအပ ကျန်လေးမြို့တွင် ကြေးရုပ်တုများ စိုက်ထူထားသည်။

ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုများ စိုက်ထူရာတွင် အမှတ်အသားတစ်ခု အထိမ်းအမှတ်အဖြစ် စိုက်ထူသည်ဟု မထင်မှတ်ဘဲ ဗိုလ်ချုပ်ချမှတ်ခဲ့သည့် လမ်းစဉ်များ မျှော်လင့်ချက်များကို အကောင်အထည် ဖော်ဆောင်ရေးကို ကြိုးစားရန်အတွက် စိုက်ထူသည်ဟု ပြည်သူတစ်ရပ်လုံးက သိရှိထားစေလိုကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြောဆိုခဲ့သည်။ 

ထန်းတပင်မြို့နယ် ဗိုလ်ချုပ်ကြေးရုပ်တုသည် အောင်သုခရပ်ကွက် ထန်းတပင်-မုပ္ပလင်လမ်းမ မြို့နယ်ခန်းမရှေ့တွင် စိုက်ထူပြီးစီးသည်မှာ ခြောက်လခန့် ကြာမြင့်ပြီဖြစ်သော်လည်း လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဇန်နဝါရီလ ၆ ရက်နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က လာရောက်ဖွင့်လှစ်ပေးခဲ့သည်။           

R-15



FOLLOW US