News

POST TAGGED AS

အုပ်ချုပ်ရေးမှူး

06-Sep-2018

မကွေး
မကွေး၌ သနပ်ခါးပွဲတော် ကျင်းပမည်
မကွေး၊ စက်တင်ဘာ ၅

သုံးစွဲသူနည်းပါးလာသည့်အတွက် မြန်မာ့သနပ်ခါးဈေးကွက် ဖွံ့ဖြိုးတိုးတက်လာစေရန် သနပ်ခါးပွဲတော်ကို စက်တင်ဘာ ၂၉ ရက်နေ့တွင် မကွေးမြို့မြို့တော်ခန်းမတွင် ကျင်းပမည်ဖြစ်ကြောင်း ပန်းဆိုးတန်း အနုပညာပြခန်းကို ဦးဆောင်သူ ဦးအောင် စိုးမင်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် သနပ်ခါးလိမ်းသည့် အမျိုးသားများနှင့် အမျိုးသမီးဦးရေ ကျဆင်းလာခြင်းကြောင့် ပြုလုပ်ခြင်းဖြစ်ပြီး ဈေးကွက်ကျဆင်းလာသည့် ပြည်တွင်းသနပ်ခါးဈေးကွက်ကို ပြန်လည်မြှင့်တင်ရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“မယ်ရွေးပွဲတွေမှာ အားလုံးက နိုင်ငံခြားကလာတဲ့ မိတ်ကပ်တွေကို လိမ်းပြီး ပြိုင်ကြတယ်။ ဒါကိုတော့ ပြောစရာမရှိပေမယ့် ရိုးရာသနပ်ခါးလိမ်းတဲ့ ယဉ်ကျေးမှုကို လူငယ်တွေကြားမှာ ပြန်ပြီးရှင်သန်စေချင်တယ်။ ရှေးကျရမယ်လို့ ပြောတာမဟုတ်ပါဘူး။ သနပ်ခါးယဉ်ကျေးမှု ပြန်ထွက်လာစေဖို့နဲ့ ဒေသထွက် ထုတ်ကုန်တွေကို ပြည်ပနဲ့ယှဉ်ပြိုင်ပြီး ထုတ်ကုန်ဖန်တီးဖို့ ကျင်းပတာပါ”ဟု ဦးအောင်စိုးမင်းက ရှင်းပြပြောဆိုသည်။

တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် သနပ်ခါးပွဲတော်ကို ရန်ကုန်မြို့တွင် နှစ်ကြိမ်၊ မန္တလေးမြို့တွင် တစ်ကြိမ်ကျင်းပခဲ့ပြီး ယခုမကွေးမြို့တွင် လေးကြိမ်မြောက်အဖြစ် ကျင်းပရန်စီစဉ်ခြင်းဖြစ်ကြောင်း အဆိုပါပွဲစီစဉ်သူများထံမှ သိရသည်။

လက်ရှိမြန်မာနိုင်ငံထွက် သနပ်ခါးကို ထိုင်းနှင့် ဗီယက်နမ်တို့မှတစ်ဆင့် ဥရောပနိုင်ငံများသို့ တင်ပို့နေကြသဖြင့် မြန်မာနိုင်ငံတွင်လည်း ဈေးကွက်မြန်ဆန်စေရန်အတွက် သနပ်ခါးပွဲတော်များကို မြန်မြန်ဆန်ဆန် ပြုလုပ်နေခြင်းဖြစ်ကြောင်း ပန်းဆိုးတန်းအနုပညာပြခန်းမှ တာဝန်ရှိသူများက ဆိုသည်။

အဆိုပါပွဲတော်တွင် သနပ်ခါးနှင့် ပတ်သက်သည့် ပန်းချီပြခန်းများ၊ ဖျော်ဖြေမှုများနှင့် သနပ်ခါးလိမ်းပြိုင်ပွဲများ ကျင်းပမည်ဖြစ်ပြီး သနပ်ခါးလိမ်းပြိုင်ပွဲအတွက် ဆုသုံးဆုပေးအပ်မည်ဖြစ်ကြောင်း အဆိုပါ ပွဲကျင်းပရေး တာဝန်ရှိသူများထံမှ သိရသည်။

သနပ်ခါးအပင် တစ်ပင်ဖြစ်ပေါ်စေရန် ၁၅ နှစ်ခန့် အနည်းဆုံးစိုက်ပျိုးရပြီး ယခုကဲ့သို့ သနပ်ခါးဈေးများ ကျဆင်းလာရခြင်းမှာ ၅ နှစ်အတွင်း အရောင်းအဝယ်ဖြစ်သည့် ဆေးကျွေးသည့်အပင်များ စိုက်ပျိုးမှုများလာခြင်းကြောင့် ဈေးကွက်ပျက်စီးလာရခြင်းဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်မှ သနပ်ခါးအရောင်းအဝယ်ပြုလုပ်နေသူ ဦးကြည်ထွန်းက ပြောဆိုသည်။

“အရင်လိုရောင်းမကောင်းတော့ဘူး။ သနပ်ခါးဈေးက ထက်ဝက်နီးပါးကျလာတယ်။ ဆေးကျွေးပြီးစိုက်တဲ့အပင်တွေ များလာတာကြောင့်ဖြစ်မယ်”ဟု ဦးကြည်ထွန်းက သုံးသပ်ပြောဆိုသည်။

အဆိုပါ ပွဲကျင်းပရန်အတွက် မြန်မာနိုင်ငံတွင် သနပ်ခါးအဓိကစိုက်ပျိုးသည့် မကွေးတိုင်း၊ ပေါက်၊ မြိုင်၊ ရေစကြိုနှင့် ပခုက္ကူမြို့များမှ သနပ်ခါးစိုက်တောင်သူများနှင့် စစ်ကိုင်းတိုင်းမှ မုံရွာနှင့် အရာတော်မြို့နယ်များမှ သနပ်ခါးစိုက်တောင်သူများအပါအဝင် အခြားတိုင်းဒေသကြီးများမှ သနပ်ခါးလုပ်ငန်းရှင်များကိုလည်း လာရောက်ရောင်းချရန် ဖိတ်ကြားထားကြောင်း အဆိုပါပွဲဖြစ်မြောက်ရေးအဖွဲ့ဝင်များထံမှ သိရသည်။

R-23



FOLLOW US