News

POST TAGGED AS

အုပ်ချုပ်ရေးမှူး

မြန်မာ့မီးရထား သိမ်းဆည်းမြေများ မူလတောင်သူများကို ပြန်ငှားပေးရန် တောင်းဆို
မော်လမြိုင်၊ ဩဂုတ် ၁၂

မွန်ပြည်နယ် မုဒုံမြို့နယ် မှိန်ကနိမ်းကျေးရွာ အရှေ့ကွင်းရှိ မြေ ၁၉ ဧကကို မြန်မာ့မီးရထားက သိမ်းဆည်းထားပြီး ယင်းမြေများကို မူလစိုက်ပျိုးလုပ်ကိုင်သူများကို ပြန်လည်ငှားရမ်းပေးရန် ဒေသခံများက ပြည်နယ်အစိုးရထံ တောင်းဆိုမည်ဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။ 

“မြေက စုစုပေါင်း ၅၇ ဧက ရှိတယ်၊ စက်ခေါင်းရုံ ဆောက်ဖို့အတွက် မီးရထားပိုင်မြေအဖြစ် ၉၃ ခုနှစ်မှာ သိမ်းလိုက်တယ်၊ အဲဒီမှ မီးရထားစက်ခေါင်းရုံ မဆောက်ဖြစ်တော့ ၁၉ ဧကကို သီးနှံနဲ့ ရော်ဘာတွေ စိုက်ပျိုးဖို့အတွက် မူလတောင်သူတွေကို လုပ်ပိုင်ခွင့်ပေးခဲ့တယ်၊ ဒါပေမဲ့ အမှန်တကယ် မူလတောင်သူတွေက စိုက်စားခွင့်မရခဲ့ဘူး၊ တခြားလူတွေကို ငှားသွားတယ်၊ ဒါကြောင့် ကျွန်တော်တို့ မူလလုပ်ကိုင်သူတွေကို ပြန်လည်ငှားရမ်းပေးဖို့ တောင်းဆိုတာပါ”ဟု မှိန်ကနိမ်းကျေးရွာမှ ဦးငွေဝင်းက ပြောသည်။

ထိုမြေတွင် ယခင်ကာလမှာ မှိန်ကနိမ့် ကျေးရွာအုပ်စု၊ ကော့ခပုံကျေးရွာအုပ်စုနှင့် နိုင်ပြိုင်ကျေးရွာအုပ်စုမှ ဒေသခံ ၉၀ ဦး ကျော်တို့မှာ ရာသီသီးနှံများကို စိုက်ပျိုးကာ အသက်မွေးဝမ်းကျောင်း ပြုကြကြောင်း၊ သို့သော် မီးရထားပိုင်းမြေအဖြစ် သိမ်းဆည်းလိုက်ပြီးနောက် ထိုတောင်သူများမှာ အလုပ်လက်မဲ့ဖြစ်၍ တချို့မှာ ပြည်ပသို့ ရွှေ့ပြောင်းအလုပ်လုပ်နေရကြောင်း ၎င်းက ပြောသည်။

ယင်းမြေ ၁၉ ဧကကို၂၀၁၅ ခုနှစ်တွင် ဦးကံထွန်းပါ ၄ ဦးကို ငှားရမ်းလုပ်ကိုင်ခွင့်ပေးခဲ့သဖြင့် ထိုသို့ငှားရမ်းပေးခဲ့သည့်အပေါ် မူလစိုက်ပျိုးတောင်သူများမှ အစဉ်တစ်စိုက် ကန့်ကွက်မှုများပြုလုပ်ခဲ့ကြောင်း၊ မူလစိုက်ပျိုးတောင်သူများကို ပြန်လည်ငှားရမ်းပေးရန် လွန်ခဲ့သည့် ဇူလိုင်လ ၁၆ ရက်တွင် နေပြည်တော် ပြည်ထဲရေးဝန်ကြီးဌာနသို့ ထပ်မံ၍ စာတင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ကျွန်မတို့ ပြည်နယ်က စိုက်ပျိုးရေးဝန်ကြီးကိုလည်း သွားတွေ့ခဲ့တယ်၊ ဒါပေမဲ့ ဝန်ကြီးက အတွေ့မခံဘူး၊ ကျွန်မတို့ကို ညွှန်ကြားရေးမှူးနဲ့ သွားတွေ့ခိုင်းတယ်၊ ညွှန်ကြားရေးမှူးက စိုက်စားခွင့်စာ ထပ်တင်ပါလို့တော့ ပြောလာတယ်၊ ကျွန်မတို့က စိုက်စားခွင့်ရဖို့ကို တောင်းဆိုတာပါ”ဟု ဒေသခံ ဒေါ်အေးပုက ပြောသည်။ 

လက်ရှိတွင် ငှားရမ်းလုပ်ကိုင်ခွင့်ရထားသည့်သူများမှ ထိုမြေကို ခြံခတ်ရန်စီစဉ်မှုကို ဒေသခံတောင်သူများမှ တားမြစ်စာတင်ကာ ကန့်ကွက်ထားကြောင်း၊ မူလတောင်သူများကို ပြန်လည်ငှားရမ်းပေးရန် ထပ်မံ၍ တောင်းခံသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

မြေ ၁၉ ဧကနှင့် ပတ်သက်၍ လွန်ခဲ့သည့် ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် ပြည်နယ်အစိုးရက မီးရထားလမ်းနယ် နိမိတ်အားတိုင်းတာ၍ မှတ်တိုင်စိုက်ထူထားရန်၊ နှစ်ရှည်သီးနှံ၊ ရော်ဘာပင်စိုက်ပျိုးရန် မြေ ၁၉ ဧကအတွက် မြန်မာ့မီးရထားမှ မြေငှားစာချုပ်အား ပယ်ဖျက်ရန်၊ ပယ်ဖျက်ပြီးပါက မူလစိုက်ပျိုးလုပ်ကိုင်ခဲ့သည့် တောင်သူများကိုတစ်နှစ် တစ်ကြိမ်ရာသီ သီးနှံစိုက်ပျိုးလုပ်ကိုင်ခွင့်ပြုရန်နှင့် ထိုကွင်းမြေ ရာဇဝင်အား ပြန်လည်စိစစ်ရန် ဆုံးဖြတ်ထားသည်။ 

R-21



FOLLOW US