News

POST TAGGED AS

အုပ်ချုပ်ရေးမှူး

လုပ်ဖော်ကိုင်ဖက်အချင်းချင်း မန်မာနတွေ မထားကြပါနဲ့
မကြာသေးခင်က လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရုံးစာတစ်စောင် တွေ့လိုက်ရပါတယ်။ အဲဒီရုံးစာက မြို့နယ်တစ်ခုမှာရှိတဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းရဲ့ အကြီးအကဲက အဲဒီမြို့နယ်က တရားစီရင်ရေးအဖွဲ့အစည်း အကြီးအကဲထံကို ရေးတဲ့စာဖြစ်ပါတယ်။ အဲဒီစာမှာ ဖော်ပြထားတာကတော့ သူ့ဆီကိုရေးတဲ့စာမှာ “မေတ္တာရပ်ခံ အကြောင်းကြားအပ်ပါသည်”လို့ ရေးခဲ့တဲ့အပေါ် ဘဝင်မကျ မကျေမနပ်ဖြစ်ပြီး ဒီလိုမရေးသင့်တဲ့အကြောင်း၊ “တင်ပြအပ်ပါသည်” လို့သာ သုံးနှုန်းသင့်တဲ့အကြောင်း ရေးခဲ့တာဖြစ်ပါတယ်။

အဲဒီစာထဲမှာ ဖော်ပြထားတာကတော့ “မြို့နယ်အုပ်ချုပ်ရေးမှူးသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ပင်မလုပ်ငန်းတာဝန်များအပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုသော်လည်းကောင်း၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအားလည်းကောင်း တာဝန်ခံ၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများအား လိုအပ်သလိုကြီးကြပ်ခြင်း၊ ပေါင်းစပ်ခြင်း၊ ညှိနှိုင်းခြင်းလုပ်ငန်းများအားလည်းကောင်း၊ မြို့နယ်အဆင့်ကော်မတီများတွင် ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များအရ ဥက္ကဋ္ဌတာဝန်အားလည်းကောင်း တာဝန်ယူဆောင်ရွက်နေခြင်းနှင့် မြို့နယ်အဆင့်အင်္ဂါစဉ်တို့အရ အထက် အပိုဒ် (၁) ပါ “အကြောင်းကြားအပ်ပါသည်”ဆိုသည့် စကားရပ်အစား “တင်ပြအပ်ပါသည်”ဟု သုံးနှုန်းဆောင်ရွက်သွားသင့်ကြောင်းတွေ့ရှိရ၍ နောင်တွင် အလားတူဖြစ်စဉ်မျိုး ဖြစ်ပွားမှုမဖြစ်စေရေး ဂရုပြုလိုက်နာဆောင်ရွက်သွားရန် အသိပေးအကြောင်းကြားပါသည်”လို့ ဖြစ်ပါတယ်။

ဒီစာနဲ့ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြထားတာကတော့ “ဒီစာဟာ အုပ်ချုပ်ရေးအဖွဲ့အစည်း အဆင့်ဆင့်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားတဲ့ တရားစီရင်ရေးမဏ္ဍိုင်ရဲ့ အခန်းကဏ္ဍအပေါ် နားလည်နိုင်မှုမရှိသေးတာကို သက်သေပြလိုက်တာပါပဲ။ စာကိုဖတ်ကြည့်လိုက်ရင် မြို့နယ်အုပ်ချုပ်ရေးမှူးက မြို့နယ်တရားသူကြီးနဲ့ မြို့နယ်တရားရုံးကို သူ့မြို့နယ်မှာရှိတဲ့ အခြားအစိုးရဌာနတွေလိုပဲ မြင်နေတာကိုတွေ့နိုင်တယ်။ ဒါကြောင့် စကားလုံးအသုံးအနှုန်းက မြို့နယ်အုပ်ချုပ်ရေးမှူးကို မလေးစားရာရောက်တယ်။ ကျွန်တော့်အမြင်ပြောရရင် မြို့နယ်တရားရုံးကရေးတဲ့စာဟာ သက်သေတွေမလာလို့ ဆင့်ခေါ်တဲ့စာပဲ။ တရားရုံးလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ရေးသားဖို့ပဲလိုပါတယ်။ ဝါစဉ်တွေ၊ အင်္ဂါစဉ်တွေ မလိုပါဘူး” ဟူ၍လည်းကောင်း ....၊

“မြို့နယ်အုပ်ချုပ်ရေးမှူးအနေနဲ့ တရားရုံးဟာ အုပ်ချုပ်ရေးအဖွဲ့အစည်းမဟုတ်ဘူး၊ သီးခြားမဏ္ဍိုင်တစ်ခု ဖြစ်တယ်ဆိုတာကို မေ့နေပုံရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၁ မှာ နိုင်ငံတော်အချုပ်အခြာအာဏာရဲ့ ခက်မသုံးဖြာဖြစ်တဲ့ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲမယ်၊ အပြန်အလှန်ထိန်းကျောင်းမယ်လို့ ဖော်ပြထားပါတယ်။ တရားစီရင်ရေးအာဏာဟာ အုပ်ချုပ်ရေးအာဏာနဲ့လည်း မပတ်သက်ဘူး၊ ဥပဒေပြုရေးအာဏာနဲ့ လည်းမပတ်သက်ဘူး၊ အရှင်းဆုံးပြောရရင် အဲဒီနှစ်ခုလုံးရဲ့လက်အောက်မဟုတ်ဘူး” ဟူ၍လည်းကောင်း ရေးသားဖော်ပြထားတာကို ဖတ်ရှုလိုက်ရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ပြောရရင်တော့ အရှည်ကြီးပါ။ မြို့နယ်အုပ်ချုပ်ရေးမှူးဆိုတာ တစ်ချိန်က မြို့ပိုင်၊ နယ်ပိုင်လို့ခေါ်တဲ့ ရာထူးဖြစ်ပါတယ်။ အဲဒီအချိန်တုန်းကတော့ မြို့ပိုင်ဆိုတာ လျှမ်းလျှမ်းတောက်ပေါ့။ ပထမတုန်းကတော့ အင်္ဂလိပ်တွေက ဒီလိုရာထူးမျိုးတွေကို သူတို့လူမျိုးတွေနဲ့ အိန္ဒိယလူမျိုးတွေကိုပဲ ပေးခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်း မြန်မာလူမျိုး ဘွဲ့ရပညာတတ်တွေ ရှိလာတဲ့အခါကျတော့ မြန်မာလူမျိုးတွေကို စတင်ခန့်ထားလာကြပါတယ်။ မြန်မာလူမျိုးထဲမှာ ဘီအေဘွဲ့ရပြီး ခက်ခက်ခဲခဲ လျှောက်ထားဖြေဆိုပြီး မြို့ပိုင်ရာထူးရတဲ့အခါ သမီးရှင်တွေ ဝိုင်းဝိုင်းလည်ခဲ့ကြပါတယ်။ ခေတ်ဟောင်းအဆိုတော်ကြီးတစ်ဦးရဲ့ “ကိုဘီအေမြို့အုပ်လောင်းက တုတ်တစ်ချောင်းနဲ့ လမ်းကိုလျှောက်တယ်၊ ကိုဘီအေမြို့အုပ်လောင်းက အုပ်ပေါင်းပေါင်းလို့ လမ်းကိုလျှောက်တယ်၊ ခေါင်းပေါင်းစ ရှည်လွန်းရှည်လွန်းတယ်”ဆိုတဲ့သီချင်းက အဲဒီအချိန်တုန်းက တော်တော်ခေတ်စားခဲ့ပြီး ကျွန်တော်တို့တစ်တွေခေတ်မှာတောင် သဘောကျနှစ်သက်ခဲ့တာဖြစ်ပါတယ်။ အဲဒီတုန်းက မြို့ပိုင်တစ်ယောက်ဟာ အုပ်ချုပ်ရေးအာဏာဖြစ်တဲ့ မြေယာစီမံခန့်ခွဲရေး၊ ယစ်မျိုးစီမံခန့်ခွဲရေး၊ အခွန်စီမံခန့်ခွဲရေးနဲ့ ငွေတိုက်လုပ်ငန်းနဲ့ တခြားလုပ်ငန်းတွေအပြင် ရာဇဝတ် တရားစီရင်ရေးနဲ့ ပတ်သက်လို့ ရာဇဝတ်တရားသူကြီးရဲ့ စီရင်ပိုင်ခွင်အာဏာတချို့ကို အကန့်အသတ်နဲ့ရရှိခဲ့တာဖြစ်ပါတယ်။ ဟိုတုန်းက မြို့ပိုင်တစ်ယောက်ဟာ ထောင်ခြောက်လအထိ ချပိုင်ခွင့်ရှိတဲ့အမှုတွေကို စီရင်ပိုင်ခွင့်ရှိတဲ့အတွက် “မြို့ပိုင်ပေါက်စ ထောင်ခြောက်လ” လို့တောင် ပြောစမှတ်ပြုခဲ့ပါတယ်။ နယ်ပိုင် ဝန်ထောက် (ယခုမြို့နယ်အုပ်ချုပ်ရေးမှူး) ဆိုရင် ဒီထက်မကတဲ့ စီရင်ပိုင်ခွင့်တွေရှိပါတယ်။

၁၉၆၂ ခုနှစ်မှာ တပ်မတော်က အာဏာသိမ်းပြီးနောက်တိုင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်နဲ့ ရပ်ကွက်ကျေးရွာအုပ်စုတွေမှာ အဆင့်လိုက် လုံခြုံရေးနဲ့ အုပ်ချုပ်မှုကော်မတီတွေကို ဖွဲ့စည်းခဲ့ပါတယ်။ တိုင်း၊ ပြည်နယ်၊ ခရိုင်နဲ့ မြို့နယ်လုံခြုံရေးနဲ့ အုပ်ချုပ်မှုကော်မတီအဆင့်ဆင့်မှာ ဥက္ကဋ္ဌအဖြစ် တပ်မတော်အရာရှိတွေက ဆောင်ရွက်ပြီးတော့ အဖွဲ့ဝင်တွေအဖြစ် အုပ်ချုပ်ရေးအရာရှိနဲ့ ရဲအရာရှိတို့က ဆောင်ရွက်ရပါတယ်။ ဆိုရရင်တော့ အရင်က တစ်ဦးတည်း အာဏာပိုင်ဖြစ်ခဲ့တဲ့ မြို့ပိုင်နယ်ပိုင်တွေရဲ့ အာဏာနဲ့ လုပ်ပိုင်ခွင့်တွေဟာ ကန့်သတ်ခံရပြီး အဖွဲ့လိုက်ဆုံးဖြတ်ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။ အဖွဲ့လိုက်ဆိုပေမယ့် တကယ်တမ်းကျတော့ ဥက္ကဋ္ဌဖြစ်တဲ့ တပ်မတော်အရာရှိရဲ့ အဆုံးအဖြတ်က အတည်ပါပဲ။

နောက်တစ်ခါ ၁၉၇၄ ခုနှစ် အခြေခံဥပဒေပေါ်လာတဲ့အခါ ပြည်သူက ရွေးချယ်တင်မြှောက်တဲ့ ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့ အဆင့်ဆင့်က ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့တွေဖြစ်လာပြီး အထွေထွေအုပ်ချုပ်ရေးဌာနအရာရှိတွေက သက်ဆိုင်ရာပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့ရုံးရဲ့ ရုံးအဖွဲ့မှူးတွေအဖြစ် ဆောင်ရွက်ကြရပါတယ်။ ဒီလိုဆောင်ရွက်ကြရာမှာ အလုပ်အမှုဆောင်အဖွဲ့ရဲ့ လုပ်ငန်းတွေဟာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းစတာတွေနဲ့ ညီညွတ်မှုရှိမရှိ အကြံပြုတင်ပြခြင်း၊ အလုပ်အမှုဆောင်အဖွဲ့ရဲ့ အစည်းအဝေးဆုံးဖြတ်ချက်တွေကို ထုတ်ပြန်ခြင်းနဲ့ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ ပြည်သူ့ကောင်စီတစ်ရပ်လုံးရဲ့ ခြောက်လတစ်ကြိမ် အစည်းအဝေးကြီးဖြစ်မြောက်အောင် အခမ်းအနားပြင်တာ၊ ဖိတ်ကြားတာကအစ အလုပ်အမှုဆောင်အဖွဲ့ရဲ့ အစီရင်ခံစာကို ရေးသားပြုစုရတာ၊ အကြံပြုဆွေးနွေးချက်တွေ၊ ဆုံးဖြတ်ချက်တွေအတွက် ကြိုတင်ပြင်ဆင်ရတာတွေ အပါအဝင် အစည်းအဝေးမှာ အခမ်းအနားမှူးလုပ်တာအဆုံး တာဝန်ယူရပါတယ်။

ပြည်သူ့ကောင်စီခေတ်မှာ ဌာနဆိုင်ရာတွေရဲ့ လုပ်ငန်းတွေအားလုံးကို ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့ထံတင်ပြပြီး အဆုံးအဖြတ်ခံယူရသလို သက်ဆိုင်ရာအဆင့် ဌာနအကြီးအကဲတွေရဲ့ ရှောင်တခင်ခွင့်ကို ခွင့်ပြုခြင်း၊ လုပ်သက်ခွင့်ကိုထောက်ခံတင်ပြခြင်း၊ ခရီးသွားလာခွင့်ကို ခွင့်ပြုခြင်း၊ ရာထူးတိုးမြှင့်ရေးအတွက် ထောက်ခံတင်ပြခြင်း စတာတွေကိုလည်း လုပ်ပိုင်ခွင့်ရှိပါတယ်။ အဲဒါတွေအပြင် ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေအရ သတ်မှတ်ပေးထားတဲ့ လုပ်ပိုင်ခွင့်အချို့ကို ကျင့်သုံးနိုင်ခြင်းနဲ့ ရဲတပ်ဖွဲ့က တရားစွဲဆိုတင်ပို့ခြင်မပြုနိုင်တဲ့ အမှုတွေကို ရုပ်သိမ်းခွင့်ပေးနိုင်ခြင်း၊ ရဲတပ်ဖွဲ့အပေါ် အထွေထွေကြီးကြပ်ကွပ်ကဲပိုင်ခွင့်ရှိခဲ့ပါတယ်။

၁၉၈၈ ခုနှစ် အရေးတော်ပုံပြီးတော့ ၁၉၇၄ ခုနှစ် အခြေခံဥပဒေလည်း အလိုအလျောက်ရပ်ဆိုင်းသွားတဲ့အတွက် ပြည်သူ့လွှတ်တော်၊ နိုင်ငံတော်ကောင်စီ၊ ဗဟိုနဲ့ဒေသဆိုင်ရာအဖွဲ့အစည်းတွေအားလုံး ပျက်သုဉ်းသွားပြီး အဲဒီအဖွဲ့အစည်းတွေရဲ့ လုပ်ငန်းတာဝန်တွေကလည်း ရပ်ဆိုင်းသွားခဲ့ရပါတယ်။ ဒါပေမဲ့ အသစ်ဖွဲ့စည်းလိုက်တဲ့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည် ဆောက်ရေးအဖွဲ့က အမိန့်ကြော်ငြာစာများထုတ်ပြန်ပြီး ပြည်နယ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်နဲ့ ရပ်ကွက်/ကျေးရွာအုပ်စု ငြိမ်ဝပ်ပိပြားမှုတည်ဆောက် ရေးအဖွဲ့အဆင့်ဆင့်ကို ဖွဲ့စည်းပေးခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ စကား ရပ်များအနက်အဓိပ္ပါယ်ဖွင့်ဆိုခြင်းဆိုင်ရာ ဥပဒေနဲ့အညီ ယခင် ပြည်သူ့ကောင်စီနဲ့ အလုပ်အမှုဆောင်အဖွဲ့အဆင့်ဆင့်ရဲ့ တာဝန်နဲ့လုပ်ပိုင်ခွင့်တွေကို သက်ဆိုင်ရာအဆင့် ဌာနအသီးသီးနဲ့ တဝတ/ပဝတ၊ ခဝတ၊ မဝတ၊ ရဝတတွေကို လွှဲအပ်ခဲ့ပါတယ်။

ဒီတော့ ဌာနဆိုင်ရာအသီးသီးဟာ မိမိတို့ဌာနရဲ့လုပ်ငန်းတာဝန်တွေကို ဆောင်ရွက်ရာမှာ လုပ်ငန်းအားလုံးကို အာဏာပိုင်အဖွဲ့တွေထံ တင်ပြစရာမလိုအပ်တော့ပါဘူး။ ဒါပေမဲ့ အာဏာပိုင်အဖွဲ့အစည်းတွေအနေနဲ့ ကြီးကြပ်ကွပ်ကဲခြင်း၊ လမ်းညွှန်ခြင်း၊ ပေါင်းစပ်ညှိနှိုင်းခြင်း စတဲ့ လုပ်ငန်းတာဝန်တွေကိုတော့ ဆောင်ရွက်ခွင့်ရှိပါတယ်။ လိုအပ်လို့ အထက်အဖွဲ့အစည်းက တာဝန်ပေးအပ်ရင်တော့ အာဏာပိုင်အဖွဲ့တွေက ဌာနဆိုင်ရာတွေရဲ့လုပ်ငန်းတွေ၊ စီမံကိန်းတွေကို ဝင်ရောက်စစ်ဆေးခွင့်ရှိပါတယ်။ အထူးသဖြင့်တော့ ဌာနဆိုင်ရာအကြီးအကဲတွေရဲ့ ရှောင်တခင်ခွင့်၊ ခရီးသွားလာခွင့်တွေကို သက်ဆိုင်ရာအဆင့်အာဏာပိုင်က ခွင့်ပြုရပြီး လုပ်သက်ခွင့်ကိုတော့ ထောက်ခံတင်ပြပေးရပါတယ်။ ဌာနဆိုင်ရာအရာရှိတွေ ရာထူတိုးဖို့ရှိတဲ့အခါ သက်ဆိုင်ရာ ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့တွေထံက ထောက်ခံစာတောင်းလေ့ရှိတဲ့အတွက် ဌာနဆိုင်ရာအကြီးအကဲတွေဟာ ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့တွေကို ရိုသေလေးစားကြပါတယ်။

ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့တွေကို တာဝန်နဲ့လုပ်ပိုင်ခွင့်များပေးအပ်ရာမှာ အဖွဲ့အနေနဲ့ပေးအပ်တာဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအရာရှိတွေဟာ အဖွဲ့ဝင်တွေဖြစ် နောက်ပိုင်းမှာ ဥက္ကဋ္ဌတာဝန်ကိုယူခဲ့ရတဲ့အတွက် ဌာနဆိုင်ရာအကြီးအကဲတွေက ရိုသေလေးစားကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့တစ်တွေဟာ ဒီလိုပေးအပ်ထားတဲ့ တာဝန်နဲ့လုပ်ပိုင်ခွင့်ကိုအကြောင်းပြုပြီး ဌာနဆိုင်ရာအကြီး အကဲတွေအပေါ်မှာ မောက်မာခြင်း၊ နိုင်ထက်စီနင်းပြုခြင်း၊ တမင်သက်သက်အပြစ်ရှာခြင်း၊ နှိမ့်ချဆက်ဆံခြင်း အလျှင်းမရှိခဲ့ဘဲ တစ်ဦးနဲ့တစ်ဦး လုပ်ဖော်ကိုင်ဖက်တွေအဖြစ် သဘောထားကာ ညီရင်းအစ်ကို၊ မောင်ရင်းနှမသဖွယ် သဘောထားဆက်ဆံပြီး လုပ်ငန်းတွေကို အောင်မြင်အောင် ဆောင်ရွက်ခဲ့ကြပါတယ်။ တစ်ခါတစ်ရံ တာဝန်မကျေပွန်တဲ့အတွက်၊ စည်းမျဉ်းစည်းကမ်း ညွှန်ကြားချက်တွေကို မလိုက်နာတဲ့အတွက် သတိပေးဆောင်ရွက်တာ၊ ရှင်းလင်းချက်တောင်းခံတာ၊ အထက်အဖွဲ့အစည်းကို တင်ပြတာ စတာတွေကိုတော့ မလွှဲမရှောင်သာလုပ်ခဲ့ရပါတယ်။

၂၀၀၈ ဥပဒေကို အတည်ပြုပြဋ္ဌာန်းပြီးတဲ့အခါကျတော့ အထက်မှာ ဦးရဲထွဋ်ရေးသားဖော်ပြခဲ့သလို အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး စတဲ့အဖွဲ့အစည်း (မဏ္ဍိုင်) တွေဟာ သီးခြားလွတ်လပ်စွာဆောင် ရွက်ခွင့်ရှိကြပြီး အပြန်အလှန်ထိန်းညှိခြင်းကလွဲလို့ ဘယ်သူက အပေါ်က၊ ဘယ်သူကအောက်က ဆိုတာမျိုးမရှိတော့ပါဘူး။ နိုင်ငံတော်သမ္မတအနေနဲ့ကတော့ အခြေခံဥပဒေပုဒ်မ ၅၈ နဲ့ ၁၉၉ (က) တို့မှာ ပြဋ္ဌာန်းထားတဲ့အတိုင်း အုပ်ချုပ်ရေးအကြီးအကဲဖြစ်သလို၊ နိုင်ငံတော်ရဲ့အထွတ်အထိပ်လည်းဖြစ်တဲ့အတွက် တခြားအဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေအပေါ်မှာလည်း ကြီးကြပ်ကွပ်ကဲပိုင်ခွင့်ရှိတာ ဖြစ်ပါတယ်။ ဒါကိုနမူနာယူပြီး ဒေသအဆင့် အုပ်ချုပ်ရေးအကြီးအကဲက ဒေသအဆင့် တရားစီရင်ရေးအကြီးအကဲရဲ့အပေါ်မှာရှိတယ်လို့ မှတ်ယူလို့မရပါဘူး။

နောက်ဆုံးတစ်ခုတင်ပြချင်တာကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၂၈၈ မှာ ပြဋ္ဌာန်းထားတဲ့ “ခရိုင်နှင့်မြို့နယ်အဆင့်တို့၏ အုပ်ချုပ်ရေးကို နိုင်ငံ့ဝန်ထမ်းများအား တာဝန်ပေးဆောင်ရွက်စေရမည်” ဆိုတဲ့အချက်ဟာ ပြီးပြည့်စုံခြင်းမရှိပါဘူး။ အဲဒီပြဋ္ဌာန်းချက်မှာ ဘယ်ဌာနဘယ်ဝန်ထမ်းကို တာဝန်ပေးရမယ်လို့မပါဝင်သလို ပြည်ထောင်စုအစိုးရနဲ့ တိုင်းဒေသကြီး/ပြည်နယ်အစိုးရတွေလို တာဝန်နဲ့လုပ်ပိုင်ခွင့်တွေက ပြဋ္ဌာန်းပေးထားတာမရှိပါဘူး။ အခုဆိုရင် ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးနဲ့ပြည်နယ်အစိုးရအပြင် ရပ်/ကျေးအုပ်ချုပ်ရေးဥပဒေတွေကိုပါ ပြဋ္ဌာန်းပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ခရိုင်နဲ့မြို့နယ်အဆင့် အုပ်ချုပ်ရေးမှာတော့ ဥပဒေတစ်ရပ်မရှိသေးပဲ ညွှန်ကြားချက်တွေကိုသာ အားပြုပြီးဆောင်ရွက်နေကြရပါတယ်။

ဒါကြောင့် နိုင်ငံတော်အတွက် အရေးတကြီးလိုအပ်နေတဲ့ ခရိုင်နဲ့ မြို့နယ်အုပ်ချုပ်ရေးဥပဒေတစ်ရပ်ကို အမြန်ဆုံးပြဋ္ဌာန်းပေးဖို့ လိုအပ်နေပါတယ်။ (မြို့နယ်အုပ်ချုပ်ရေးဥပဒေမူကြမ်းကိုတော့ လွှတ်တော်မှာတင်ပြထားပြီးဖြစ်ပါတယ်)။ ဥပဒေမပြဋ္ဌာန်းပေးနိုင်မီ အချိန်အတွင်းမှာတော့ အုပ်ချုပ်ရေးမှူးအဆင့်ဆင့်ဟာ အခြေခံဥပဒေနဲ့ တည်ဆဲဥပဒေများနဲ့အညီ တရားသူကြီး၊ ဥပဒေအရာရှိအပါအဝင် အခြားသောဌာနဆိုင်ရာ အကြီးအကဲများအပေါ် မာန်မာနတွေမထားကြပဲနဲ့ မိမိရဲ့လုပ်ဖော်ကိုင်ဖက် ညီရင်းနောင်ချာများသဖွယ် ပြုမူဆက်ဆံပြောဆိုပြီး နိုင်ငံတော်နဲ့ ပြည်သူတို့ရဲ့အကျိုးစီးပွားကို တာဝန်ကျေပွန်စွာထမ်းဆောင်သင့်ပါကြောင်း စေတနာကောင်းနဲ့ အကြံပြုရေးသားလိုက်ရပါတယ်။

သိန်းထက်အောင်



FOLLOW US