News

POST TAGGED AS

အုပ်ချုပ်ရေးမှူး

အမျိုးသမီး ရပ်ကျေးအုပ်ချုပ်ရေးမှူးကို တာဝန်ရပ်ဆိုင်းမှု ပြန်လည်ပယ်ဖျက်
မော်လမြိုင်၊ ဇွန် ၂၄ 

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် တရနာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး မိသန်းဌေးကို တာဝန်မှရပ်ဆိုင်းမှု ပယ်ဖျက်ကြောင်း ဇွန်လ ၂၁ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှတစ်ဆင့် အကြောင်းကြားစာ ပေးပို့လာကြောင်း မိသန်းဌေးက ပြောသည်။ 

တိုင်ကြားခံရသော အုပ်ချုပ်ရေးမှူးနှင့်ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့၏အစည်းအဝေးဆုံးဖြတ်ချက်အရ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ မှတ်တမ်းတင်ကာ ပြင်းထန်စွာသတိပေးရန် ညွှန်ကြားထားကြောင်း၊ ဇွန်လ ၂၅ ရက်တွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီက သတိပေးနိုင်ရန် အစည်းအဝေးလုပ်ကာ လုပ်ဆောင်မည်ဖြစ်ကြောင်း ကျိုက်မရောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်က ပြောသည်။ 

တရနာကျေးရွာအုပ်စုတွင် အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားသူ မြန်မာနွယ်ဖွားတစ်ဦးမှ ကျေးရွာတွင် ဥပဒေမဲ့ ရက်ရှည်နေထိုင်သည့်အပေါ် သတင်းပေးအကြောင်းကြားမှု မရှိခြင်းနှင့် ယင်းနိုင်ငံခြားသား ရမ်းကားမှုကို အရေးမယူသည့်အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးကို တာဝန်မှရပ်စဲပေးရန် ကျေးရွာနေသူ ဦးလှမောင်က တာဝန်ရှိသူများထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။ 

ယင်းတိုင်ကြားမှုနှင့်ပတ်သက်၍ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို တာဝန်မှရပ်စဲရန် ဧပြီလက ညွှန်ကြားခဲ့ပြီး ယခုအကြောင်းကြားစာတွင် ဇွန်လ ၆ ရက်ကပြုလုပ်သော ပြည်နယ်အစိုးရအဖွဲ့အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ အမျိုးသမီးကျေးရွာအုပ်ချုပ်ရေးမှူးကို တာဝန်ရပ်စဲရန် ဆုံးဖြတ်ချက်ကို ပယ်ဖျက်ခဲ့ကြောင်း ပါရှိသည်။

ယခင်က တာဝန်မှရပ်စဲရမည်ဟု အကြောင်းကြားလာပြီးနောက် ယခုအခါ တာဝန်မှရပ်စဲခြင်းကို ပယ်ဖျက်သည့် အကြောင်းကြားစာ ရောက်လာမှုအပေါ် သဘောမကျကြောင်း၊ အကြောင်းကြားစာတွင် မိမိအပေါ် အပြစ်ပုံချသည့်အချက်များ ပါဝင်ကြောင်း တရနာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး မိသန်းဌေးက ပြောသည်။ 

တာဝန်မှရပ်စဲခြင်းကို ပယ်ဖျက်ခံရသော်လည်း တရားဝင်နုတ်ထွက်ရန် ဆန္ဒရှိပြီး ကျေးရွာနေသူများ၏ ဆန္ဒသဘောထားကို ရယူရန် ဇွန်လ ၂၆ ရက်တွင် ဒေသခံများနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

ကျိုက်မရောမြို့နယ် တရနာကျေးရွာအုပ်စုတွင် အိမ်ခြေ ၃၀၀၀ ခန့်ရှိပြီး ကျေးရွာ ၄ ရွာဖြင့် ဖွဲ့စည်းထားကြောင်း ယင်းကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။ 

R-21



FOLLOW US