News

POST TAGGED AS

အုပ်ချုပ်ရေးမှူး

မကွေးတွင် အုပ်ချုပ်ရေးမှူး ရွေးချယ်မှု မကျေနပ်၍ လူစုလူဝေးဖြစ်


မကွေး၊ ဇွန် ၉

မကွေးမြို့နယ်အတွင်း အုပ်ချုပ်ရေးမှူးရွေးသည်ကို မကျေနပ်သဖြင့် ဇွန်လ ၈ ရက်နေ့ည ၈ နာရီခန့်က မကွေးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ဒေသခံ ၂၀၀ ကျော်စုဝေးကာ ပြန်လည်ရွေးချယ်ပေးရန် တောင်းဆိုခဲ့ကြသည်။

မကွေးမြို့နယ် ယင်းတိုက်နယ်အတွင်းရှိ သရက်လေးပင်အုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ကျေးရွာမှ တာဝန်ရှိသူများက ရွေးချယ်ထားသည့် ကြီးကြပ်ရေးမှူးများမှ မဲလာပေးသည့်ရွာသူ ရွာသားများ၏ နာမည်များကို ရေးခွင့်မပေးဘဲ မကွေးမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများကို ရေးခိုင်းခဲ့ကြောင်း သရက်လေးပင်ရွာမှ ဦးကျော်ဌေးလွင်က ပြောဆိုသည်။

“ကြီးကြပ်ရေးမှူးတွေကို ဘာမှလုပ်ပိုင်ခွင့်မပေးဘူး။ ကြီးကြပ်ခွင့်မရှိဘူး။ သူတို့ဘက်ကလာသူတွေနဲ့ မဲကို လုပ်သွားတာ။ ကျွန်တော်တို့ရွာသားတွေက စာမတတ်သူတွေများတယ်။ အခြေခံလူတန်းစားဆိုတော့ ကြီးကြပ်ရေးကို ရေးခိုင်းတာ သူတို့က လက်မခံဘူး။ မဲကို မသမာတဲ့နည်းတွေ ဖြစ်မှာစိုးလို့ တောင်းဆိုတာပါ။ မဲရေတွက်တဲ့နေရာမှာလည်း ပွင့်လင်းမြင်သာမှုမရှိ ဘူး”ဟု ၎င်းက ဆိုသည်။

ထိုသို့ခရိုင်အုပ်ချုပ်ရေးမှူးရုံးတွင် တောင်းဆိုမှုများပြုလုပ်ပြီးနောက် ည ၉ နာရီဝန်းကျင်ခန့်တွင်လည်း မကွေးတိုင်းဝန်ကြီးချုပ်နေထိုင်သည့် အစိုးရအဖွဲ့ အိမ်ရာသို့ သွားရောက်ကာ အုပ်ချုပ်ရေးမှူး ပြန်လည်ရွေးချယ်ပေးရန် တောင်းဆိုခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များက တားဆီးခဲ့ကြောင်း အဆိုပါရွာသားများထံမှ သိရသည်။

“ဥပဒေနဲ့အညီ အများရှေ့မှာ ပွင့်လင်းမြင်သာစွာ လုပ်ရတာ။ ဖြေရှင်းစရာမလိုပါဘူး၊ ထုံးစံအတိုင်းပေါ့ ရှုံးတဲ့ဘက်က မကျေမနပ်ဖြစ်တာ။ မဲလာပေးတဲ့လူ ၄၀၀ ကျော်လုံး မဲပေးခွင့်ရတယ်။ အားလုံးရဲ့အရှေ့မှာ ကိုယ်စားလှယ်လောင်းတွေအရှေ့မှာ ဆောင်ရွက်ပေးထားတာ။ သူတို့စိတ်ကြိုက် ကိုယ်တိုင်ကိုယ်ကျ မဲပေးကြတာ။ ရှုံးတဲ့သူတွေက ဒီလိုပဲလျှောက် ပြောနေမှာလေ”ဟု မကွေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က ပြောဆိုသည်။

မကွေးမြို့နယ်တွင် ရပ်ကွက် ၁၅ ခု၊ ကျေးရွာ ၆၁ အုပ်စုရှိရာတွင် မကြီးကန်အုပ်စု၊ သရက်လေးပင်အုပ်စု၊ တပ်ကုန်းအုပ်စုနှင့် ထုံးပေါက်တောအုပ်စုများမှာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် ပြဿနာများဖြစ်ပေါ်လျက်ရှိသည်။

လွင်အေး



FOLLOW US