News

POST TAGGED AS

အုတ်ခွက်ဘုရား

မုတ္ထီးမြို့ဟောင်းတွင် ရှေးဟောင်း အုတ်ခွက်ဘုရား အများအပြားတွေ့
ထားဝယ်၊ မေ ၂၃

မုတ္ထီးမြို့ဟောင်းရှိ ရှေးဟောင်းအုတ်ခွက်ဘုရား အများအပြားတွေ့သည့်နေရာကို ဆက်လက်တူးဖော်ခွင့်ပြုရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနထံ မေလ ၂၂ ရက်က တင်ပြထားကြောင်း ရှေးဟောင်းသုတေသနဌာန ထားဝယ်ဌာနခွဲထံမှ သိရသည်။

မုတ္ထီးမြို့ဟောင်း (မုတ္တသုခနာဂရ မြို့ဟောင်း) ယခု ရှင်မုတ္ထီးဟုခေါ်တွင်သော ကျေးရွာတွင် ဒေသခံတစ်ဦးက နေအိမ်ဆောက်ရန် စက်ယန္တရားဖြင့် ခြံရှင်းရာ မေလ ၂၀ ရက်က ရှေးဟောင်းအုတ်ခွက် ဘုရား ၅၀ ဆူထွက်ပေါ်ခဲ့ကြောင်း ယင်းဌာနထံမှ သိရသည်။

ယင်းအုတ်ခွက်ဘုရားများ ထွက်ပေါ်လာသည့်နေရာတွင် နောက်ထပ် ရှေးဟောင်းပစ္စည်းများရှိနေနိုင်သည်ဟု ယူဆသဖြင့် ဆက်လက်တူးဖော်ခွင့်ပြုရန် တင်ပြထားခြင်းဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အခုက တွေ့ရှိချက်တွေကို စာရင်းပြုစုပြီး တင်ပြထားတယ်။ ဌာနရဲ့ လမ်းညွှန်ချက်ကတော့ တောင်းခံထားတုန်းပဲ။ တစ်ပတ် ဆယ်ရက်နေရင်တော့သိရမှာပါ”ဟု ၎င်းက ပြောဆိုသည်။

ယင်းအုတ်ခွက်ဘုရားများမှာ မည်သည့်ခေတ် လက်ရာများဖြစ်နိုင်သည်ကို တတ်သိပညာရှင်များဖြင့် အဖြေထုတ်ယူရမည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောဆိုသည်။

ယင်းရှေးဟောင်း အုတ်ခွက်ဘုရားများကို ကိုယ်တိုင်သွားရောက်လေ့လာခဲ့သည့် ထားဝယ်တက္ကသိုလ် သမိုင်းဌာန ပါမောက္ခ ဒေါက်တာ ရီရီရွှေကတော့ ပျူခေတ် သို့မဟုတ် ပုဂံခေတ် (အနော်ရထာခေတ်) ဖြစ်နိုင်သည်ဟု ယူဆကြောင်း ပြောကြားသည်။

“အုတ်ခွက်ဘုရား နှစ်ခုမှာ စာပါတယ်။ အဲဒီစာကို ဖတ်နိုင်ရင်တော့ ဘယ်ခေတ်ကလည်းဆိုတာ မှန်းလို့ရတယ်။ သေချာတာကတော့ အဲဒီလက်ရာတွေက ရှေးကျတယ်”ဟု ဒေါက်တာ ရီရီရွှေက ပြောဆိုသည်။

ယခင်ကလည်း ရှင်မုတ္ထီးကျေးရွာတွင် ကျေးရွာသားများ အိမ်ဆောက်၊ မြောက်တူးရာမှ မကြာခဏ ရှေးဟောင်းပစ္စည်းများ ရလေ့ရှိပြီး လာရောက်လှူဒါန်းထားသည့် ပစ္စည်းငါးခုခန့်ရှိကြောင်း ရှင်မုတ္ထီး တိုက်ကျောင်းဆရာတော် ဦးဣန္ဒဝံသက မိန့်သည်။

ယခုထွက်ပေါ်လာသည့် အုတ်ခွက်ဘုရားများကိုလည်း ယင်းကျောင်းတိုက်တွင်ပင် သိမ်းဆည်းထားသည်။

ရှေးဟောင်းအုတ်ခွက်ဘုရားများ ထွက်ပေါ်လာသော ရှင်မုတ္ထီးကျေးရွာသည် မြန်မာနိုင်ငံအနှံ့အပြားမှ ဘုရားဖူးများ လာရောက်ဖူးမြော်လေ့ရှိသည့် ရှင်ကိုးရှင် ဘုရားများအနက် တစ်ဆူအပါအဝင်ဖြစ်သော ရှင်မုတ္ထီးဘုရား တည်ရှိရာ ကျေးရွာဖြစ်သည်။  

Dawei Watch



FOLLOW US