News

POST TAGGED AS

အီရန်

15-Aug-2018

တူရကီ အမေရိကန်
တူရကီနောက်ကျောကို ဓားနှင့်ထိုးရန် အမေရိကန် ကြိုးစားနေသည်ဟု အာဒိုဂန်စွပ်စွဲ
အစ္စတန်ဘူးလ်၊ ဩဂုတ် ၁၄

အမေရိကန်သည် တူရကီအား နောက်ကျောကို ဓားနှင့်ထိုးရန် ကြိုးစားနေသည်ဟု တူရကီသမ္မတ အာဒိုဂန်က စွပ်စွဲခဲ့ကြောင်းနှင့် လိုင်ယာငွေ၏ အခက်အခဲကို ဈေးကွက်လွယ်ကူချောမွေ့ရေး အစီအစဉ်များဖြင့် တားဆီးပေးမည့် တူရကီဗဟိုဘဏ်၏ ကြိုးစားမှုမအောင်မြင်ခဲ့ကြောင်း AFP သတင်းတွင် ဖော်ပြသည်။

အမေရိကန်ဘုန်းကြီးတစ်ပါးကို တူရကီက ဖမ်းဆီးခဲ့ပြီးနောက် နှစ်နိုင်ငံအကြား တင်းမာမှုသည် လိုင်ယာငွေကို အကျပ်တွေ့စေသည့်အပြင် နေတိုးအဖွဲ့ဝင် နှစ်နိုင်ငံအကြား အနာဂတ်လက်တွဲမှုအပေါ် မေးခွန်းများထွက်ပေါ်လာစေသည်။

လိုင်ယာငွေ၏ တန်ဖိုးနောက်ထပ် ၇ ရာခိုင်နှုန်းကျဆင်းသွားမှုကြောင့် ဥရောပဘဏ်များက တူရကီ၏ စီးပွားရေးကျဆင်းနိုင်မှု အလားအလာအပေါ် စိုးရိမ်လာကြသည်။

တူရကီထံမှ သံမဏိနှင့် အလူမီနီယံ တင်ပို့မှုများကို အခွန်နှစ်ဆချမှတ်လိုက်သည်ဟု သမ္မတထရမ့်က ပြောဆိုခဲ့ပြီးနောက် အမေရိကန်တစ်ဒေါ်လာနှင့်ညီမျှသော လိုင်ယာငွေ၏တန်ဖိုးသည် သောကြာနေ့က ၁၆ ရာခိုင်နှုန်းကျဆင်းသွားခဲ့သည်။

“ကျုပ်တို့ကနေ တိုးအုပ်စုမှာ အတူပါဝင်နေကြတာပါ။ အခုခင်ဗျားတို့က လက်တွဲဖော်ရဲ့ နောက်ကျောကို ဓားနဲ့ထိုးတယ်။ ဒါမျိုးကို လက်ခံရမှာလား” ဟု အာဒိုဂန်က ပြောကြားသည်။

အာဒိုဂန်၏ အဆိုပါမိန့်ခွန်းအပြီး လိုင်ယာငွေသည် နောက်ထပ် ၇ ရာခိုင်နှုန်း ကျဆင်းသွားခြင်းဖြစ်သည်။

လိုင်ယာငွေ တည်ငြိမ်စေရန်အတွက် လိုအပ်သော အစီအစဉ်အားလုံးကို လုပ်ဆောင်မည်ဟု တူရကီဗဟိုဘဏ်က ကြေညာခဲ့သည့်တိုင်အောင် ဈေးကွက်အတွင်းစိုးရိမ်မှုများကြောင့် ကုန်ဈေးနှုန်းများတက်လာခြင်းကို မတားဆီးနိုင်ခဲ့ပေ။

အာဒိုဂန်က တူရကီသည် ဘဏ္ဍာရေး ပိတ်ဆို့မှုကိုရင်ဆိုင်နေရကြောင်း၊ သို့ရာတွင် အမေရိကန်ကို ညှိနှိုင်းကမ်းလှမ်းရန် ဆန္ဒမရှိကြောင်းနှင့် အခြားလက်တွဲဖော်များကို ရှာဖွေသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဝါရှင်တန်၏ ပိတ်ဆို့မှုကြောင့် ရုတ်တရက် အကျပ်ရိုက်နေသော်လည်း တူရကီစီးပွားရေးသည် ငွေဖောင်းပွမှုနှင့် လိုင်ယာငွေ တန်ဖိုးကျမှုကြောင့် အကျပ်တွေ့နေပြီးဖြစ်သည်ဟု အကဲခတ်များက ပြောကြားကြသည်။

F-04



FOLLOW US