News

POST TAGGED AS

အီရန်

06-Aug-2018

ဆန္ဒပြ အီရန်
အီရန်တွင် ဆန္ဒပြသူများက အစ္စလာမ်စာသင်ကျောင်းကိုတိုက်ခိုက်


တီဟီရန်၊ ဩဂုတ် ၅

အီရန်နိုင်ငံတစ်လွှားတွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများသည် လေးရက်မြောက်အဖြစ် လမ်းများပေါ်သို့ ထွက်လာခဲ့ကြပြီး မြို့တော်တီဟီရန် အနောက်ဘက်ရှိ အစ္စလာမ်စာသင်ကျောင်းတစ်ခုကို တိုက်ခိုက်ခဲ့ကြသည်ဟု စနေနေ့တွင် အီရန်သတင်းဌာနများနှင့် လူမှုမီဒီယာများက ရေးသားထားကြောင်း DW သတင်းတွင် ဖော်ပြထားသည်။

အမေရိကန် အရေးယူပိတ်ဆို့မှုများ အင်္ဂါနေ့တွင် ပြန်လည်သက်ရောက်တော့မည့်ကာလတွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။ 

ငွေကြေးဖောင်းပွမှုနှင့် အီရန်ရီယာယ်ငွေ တန်ဖိုးကျဆင်းမှုတို့ကြောင့် အီရန်ပြည်သူများ၏ အမျက်ဒေါသများ ကြီးထွားလျက်ရှိသည်။

သောကြာနေ့ညက အီရန်နိုင်ငံ တစ်လွှားရှိ တီဟီရန်၊ အစ္စဖာဟန်၊ ရှီရပ်စ်၊ မတ်ရှ်ဟက်နှင့် ကာရတ်ခ်ျ မြို့ကြီးများတွင် လမ်းများပေါ်သို့ ဆန္ဒပြသူရာပေါင်းများစွာ ထွက်လာခဲ့ကြသည်။

တီဟီရန်အနောက်ဘက် ကီလိုမီတာ ၁၀၀ အကွာရှိအက်ရှ်တီဟတ်တွင် ရှီးယိုက် အစ္စလာမ်စာသင်ကျောင်းကို ဆန္ဒပြသူများက တိုက်ခိုက်ခဲ့ကြသည်ဟု နိုင်ငံပိုင်ဖားရ်သတင်းဌာက ထုတ်ပြန်သည်။

“သောကြာနေ့ည ၉းဝ၀ နာရီလောက်မှာ ဆန္ဒပြသူတွေက ကျောင်းကို ဝင်ရောက်တိုက်ခိုက်ပြီး ကျောက်ခဲတွေနဲ့ ထု၊ တံခါးတွေဖျက်၊ ပစ္စည်းတွေ မီးရှို့သွားကြတယ်။ လူ ၅၀၀ လောက်တော့ရှိမယ်။ ရဲတွေရောက်လာတဲ့အခါ တချို့က ထွက်ပြေးသွားကြတယ်။ တချို့က အဖမ်းခံရတယ်” ဟု ကျောင်းအုပ်ဖြစ်သူက ပြောကြားသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် လွန်ခဲ့သောသုံးလက ၂၀၁၅ အီရန် နျူကလီးယားစာချုပ်မှ နုတ်ထွက်ခဲ့ပြီး အီရန်နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ပြန်လည်ချမှတ်ရန် ဆုံးဖြတ်ခဲ့သည်။ 

အင်္ဂါနေ့တွင် ပြန်လည်သက်ရောက်တော့မည့် အရေးယူပိတ်ဆို့မှုများတွင် အမေရိကန်ဒေါ်လာဝယ်ယူမှု၊ ရွှေနှင့် တန်ဖိုးကြီးသတ္တုများ ရောင်းဝယ်မှု၊ စက်မှုလုပ်ငန်းသုံးဆော့ဖ်ဝဲများ၊ အမေရိကန်က ဝယ်ယူတင်သွင်းသည့် အီရန်ကော်ဇောများ၊ စားသောက်ကုန်များနှင့် ငွေကြေးလွှဲပြောင်းမှုများ ပါဝင်သည်။

ထို့ပြင် နိုဝင်ဘာလ ၄ ရက်တွင် အီရန်ထံမှ ရေနံဝယ်ယူမှုကို နိုင်ငံအားလုံး ရပ်ဆိုင်းရမည်ဖြစ်ပြီး မရပ်ဆိုင်းပါက ဝါရှင်တန်၏ ဘဏ္ဍာရေးဆိုင်ရာဒဏ်ခတ်မှုကို ရင်ဆိုင်ရမည်ဖြစ်သည်။

အီရန်လေကြောင်းလိုင်းသည်လည်း ဝါရှင်တန်၏ အရေးယူပိတ်ဆို့မှုများ ပြန်လည်မစတင်မီ ပြင်သစ် အီတာလျံ ATR ကုမ္ပဏီထံမှ လေယာဉ်လေးစင်းကို တနင်္ဂနွေနေ့က အချိန်မီလက်ခံရယူနိုင်ခဲ့သည်။

နိုင်ငံခြားအသေးစားကုမ္ပဏီများအနေနှင့် ဝါရှင်တန်၏ အရေးယူပိတ်ဆို့မှုများကို ရှောင်ကွင်းလုပ်ကိုင်ရန် ဖြစ်နိုင်ခြေရှိသော်လည်း ပြင်သစ်၏ Total, Peugeot နှင့် ဂျာမနီ၏ Siemens ကဲ့သို့သော နိုင်ငံတကာကော်ပိုရေးရှင်းကြီးများမှာမူ ရှောင်ကွင်းရန် မဖြစ်နိုင်သည့်အလျောက် ဝါရှင်တန်၏ ပိတ်ဆို့မှုများကိုလိုက်နာမည်ဟု ကြေညာထားပြီးဖြစ်သည်။

F-04



FOLLOW US