News

POST TAGGED AS

အီရန်

ဒေါ်နယ်ထရမ့်ကို မော်စကိုသို့ခေါ်ပြီး အထူးဧည့်သည်တော်အဖြစ် ဧည့်ခံလိုသည့်ဆန္ဒရှိဟု ပူတင်ပြောကြား


ဝါရှင်တန်၊ ဇူလိုင် ၂၈ 

အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ထရမ့်ကို မော်စကိုမြို့တွင် မိမိ၏ အထူးဧည့်သည်တော်အဖြစ် လာရောက်လည်ပတ်စေလိုသည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က သောကြာနေ့တွင် ထုတ်ဖော်ပြောကြားလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ 

မကြာသေးခင်က ဖင်လန်နိုင်ငံ ဟယ်လ်ဆင်ကီးမြို့တွင် သမ္မတထရမ့်နှင့် သမ္မတပူတင်တို့တွေ့ဆုံခဲ့မှုနှင့်ပတ်သက်၍ ဝေဖန်မှုများရှိနေသော်လည်း အမေရိကန်အိမ်ဖြူတော်က သမ္မတပူတင်၏ ပြောဆိုမှုကို ကြိုဆိုလိုက်ကြောင်း မီဒီယာများက ရေးသားဖော်ပြသည်။ 

ရုရှားသမ္မတဗလာဒီမာပူတင်သည် စီးပွားရေးကွန်ဖရင့်တစ်ခု တက်ရောက်ရေးအတွက် တောင်အာဖရိကနိုင်ငံသို့ သွားရောက်စဉ် ယင်းသို့ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။ ဟယ်လ်ဆင်ကီးတွင် သမ္မတထရမ့်နှင့်အတူပြုလုပ်ခဲ့သော ထိပ်သီးဆွေးနွေးပွဲမျိုး ထပ်မံကျင်းပနိုင်ရေးအတွက် သင့်တင့်လျောက်ပတ်သောအခြေအနေများနှင့် အနေအထားများလိုအပ်သည်ဟု ၎င်းက ဆိုသည်။ 

အိမ်ဖြူတော်၏ အဆိုအရ သမ္မတထရမ့်နှင့် ဗလာဒီမာပူတင်နှင့် နောက်ထပ် ဆွေးနွေးပွဲတစ်ရပ် ကျင်းပရေးအတွက် စိတ်ပါဝင်စားလျက်ရှိသည်။ ထို့ပြင် နျူကလီးယားအင်အားကြီး နှစ်နိုင်ငံ (ရုရှားနှင့် အမေရိကန်) အကြား ချစ်ကြည်ရင်းနှီးမှုကိုလည်း တိုးမြှင့်လိုသည်ဟု ထရမ့်က ဆိုထားသည်။ 

“သမ္မတထရမ့်တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဝါရှင်တန်သို့ဖိတ်ခေါ်ပြီး လက်ခံတွေ့ဆုံလိုတဲ့ ဆန္ဒရှိနေပါတယ်။ နောက်ပြီးတော့ မော်စကိုဘက်က တရားဝင်ဖိတ်ကြားမှုရတာနဲ့ ရုရှားကိုသွားလိုတဲ့ ဆန္ဒလည်းရှိပါတယ်” ဟု အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ဆာရာဆန်းဒါးစ်က ပြောကြားသည်။ 

အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျင်မက်သစ်၏ အဆိုအရအမေရိကန် ပြည်ထောင်စုနှင့် ရုရှားနှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးများ ထိပ်သီးဆွေးနွေးပွဲကျင်းပ ပြုလုပ်ရန် စဉ်းစားလျက်ရှိသည်ဟု သိရသည်။ သို့သော် ဆုံးဖြတ်ချက်မချမှတ်ရသေးဟု ၎င်းက ဆိုသည်။ 

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် အမေရိကန် သမ္မတရွေးကောက်ပွဲတွင် ရုရှားသူလျှိုများနှင့် ဟက်ကာများကြားဝင်စွက်ဖက်ခဲ့သည်ဟူသော အမေရိကန်ထောက်လှမ်း ရေးအသိုင်းအဝိုင်း၏ ဖော်ထုတ်မှုကို ရုရှားသမ္မတပူတင်နှင့် တွေ့ဆုံရာတွင် ထုတ်ဖော်ပြောဆိုမှုမပြုခဲ့သည့်အတွက် သမ္မတထရမ့်သည် ပြည်တွင်း၌ ဝေဖန်ပြောဆိုမှုများနှင့် ရင်ဆိုင်နေရသည်။

F-01



FOLLOW US