News

POST TAGGED AS

အီရန်

အီရန်ပြည်သူများ ဆန္ဒပြခွင့် အပြည့်အဝရှိသော်လည်း ဆူပူအကြမ်းဖက်ခွင့်မရှိဟု သမ္မတရိုဟာနီ သတိပေး

တီဟီရန်၊ ဇန်နဝါရီ ၁ 

အီရန်နိုင်ငံတွင် ဖြစ်ပေါ်နေသော အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများနှင့် ပတ်သက်၍ သမ္မတရိုဟာနီက အီရန်ပြည်သူများတွင် ဆန္ဒပြပိုင်ခွင့်ရှိသော်လည်း လုံခြုံရေးပျက်ပြားအောင်လုပ်၍မရဟု ထုတ်ဖော်သတိပေးလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

အီရန်အစိုးရအဖွဲ့အစည်းအဝေးတွင် ရိုဟာနီက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။ နိုင်ငံတွင်း လတ်တလောဖြစ်နေသည့် ပြဿနာများကို ဖြေရှင်းရန် လိုအပ်ကြောင်း၊ သို့သော် ဆူပူအကြမ်ဖက်မှုများကို သည်းခံမည်မဟုတ်ကြောင်း ၎င်းက ဆိုသည်။ 

ယင်းဆန္ဒပြပွဲသည် ၂၀၀၉ ခုနှစ် ဆန္ဒပြပွဲများနောက်ပိုင်း အကြီးမားဆုံးသော လူထုအင်အား ပြပွဲကြီးလည်းဖြစ်သည်။ လတ်တလောအနေအထားတွင် အီရန်နိုင်ငံရှိ မြို့ကြီးအတော်များများ၌ ဆန္ဒပြမှုများ ဆက်တိုက်ပေါ်ပေါက်လျက်ရှိပြီး ဘာသာရေးခေါင်းဆောင်များကြီးစိုးသော အုပ်ချုပ်မှုပုံစံနှင့် အစိုးရ၏ အဂတိလိုက်စားမှုများကို မကျေမနပ်ဖြစ်လျက်ရှိသည်။ 

ဆန္ဒပြမှုများကို လူမှုကွန်ရက်များပေါ်ကတစ်ဆင့် စည်းရုံးလှုံ့ဆော်ခဲ့ခြင်းကြောင့် အီရန်အစိုးရက Telegram နှင့် Instagram အပါအဝင် လူမှုကွန်ရက်များကို ပိတ်ချခဲ့သည်။ ယင်းဆန္ဒပြမှုများမှာ ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်းနှင့် စီးပွားရေးကျပ်တည်းခြင်း စသည်တို့ကို မကျေနပ်ရာမှ စတင်လာခြင်းဖြစ်သည်။ 

တီဟီရန်မြို့ပေါ်ရှိ ဆန္ဒပြပွဲများတွင် အီရန်ဘာသာရေးခေါင်းဆောင် အယာတိုလာခါမေနီ၊ သမ္မတရိုဟာနီကို ဆန့်ကျင်ကန့်ကွက်သည့် စာတန်းများကိုင်ဆောင်ပြခဲ့ကြသလို ဒေသတွင်း အီရန်နိုင်ငံ၏ ကြားဝင်စွက်ဖက်မှုများကို ဆန့်ကျင်ကြောင်းလည်း ဖော်ပြခဲ့ကြသည်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က “ယခုအခါ အီရန်ပြည်သူများသည် ၎င်းတို့၏ ငွေကြေးများ အခိုးခံရပြီး အကြမ်းဖက်လုပ်ငန်းများတွင် အသုံးချလိုက်ရပြီဟူသော  အချက်ကို သိသွားကြပြီဖြစ်သည်” ဟု Twitter စာမျက်နှာပေါ်တွင် ရေးသားဖော်ပြသည်။ အီရန်သမ္မတ ရိုဟာနီကလည်း သမ္မတဒေါ်နယ်ထရမ့်ကို ပထမဆုံးအကြိမ်အဖြစ် ဝေဖန်ပြောဆိုသည်။ 

“အမေရိကန်ပြည်ထောင်စုက လူကြီးလူကောင်းတစ်ဦးသည် ယခုအခါ  ကျွန်ုပ်တို့တိုင်းပြည်အပေါ် စာနာထောက်ထားနေပုံမျိုးပြသရန် ကြိုးပမ်းနေသည်။  လွန်ခဲ့တဲ့လအနည်းငယ်ခန့်က ကျွန်ုပ်တို့ကို အကြမ်းဖက်နိုင်ငံအဖြစ် သတ်မှတ်ပြောဆိုခဲ့သည်ကိုလည်း မေ့ပျောက်နေဟန်ရှိသည်” ဟု ရိုဟာနီက ဆိုသည်။ 

“ခေါင်းကနေ ခြေမအထိ အီရန်နိုင်ငံ၏ ရန်သူဖြစ်နေသည့် ပုဂ္ဂိုလ်တစ်ဦးတွင်  အီရန်ပြည်သူများကို စာနာထောက်ထားပိုင်ခွင့် လုံးဝမရှိပေ” ဟုလည်း ဆက်လက်ပြောဆိုသည်။ 

လက်ရှိ ဆန္ဒပြပွဲများနှင့်ပတ်သက်၍ အီရန်ပြည်သူများတွင် အီရန်အစိုးရကို ဝေဖန်ခွင့်၊ ဆန္ဒပြခွင့် အပြည်အဝရှိကြောင်း၊ သို့သော် နိုင်ငံပိုင်ပစ္စည်းများကို ဖျက်ဆီးခြင်းကဲ့သို့သော ဆူပူအကြမ်းဖက်မှုများ လုပ်ဆောင်ခွင့် လုံးဝမရှိကြောင်း ရိုဟာနီက သတိပေးသည်။

F-01



FOLLOW US