News

POST TAGGED AS

အီဖယ်မျှော်စင်

ပဲရစ်ရှိ အီဖယ်မျှော်စင် အကြမ်းဖက်တိုက်ခိုက်ခံရမည့်အန္တရာယ်မှ ကာကွယ်ရန် တံတိုင်းများဖြင့်ကာရံ


ပဲရစ်၊ ဇွန် ၁၆

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ ကမ္ဘာကျော် အီဖယ်တာဝါကို အကြမ်းဖက်တိုက်ခိုက်မည့်အန္တရာယ်များမှ ကာကွယ်နိုင်ရေးအတွက် ပြင်သစ်အာဏာပိုင်များက ယင်းတာဝါပတ်လည်အနားတစ်လျှောက် ခြံစည်းရိုးကာရံလိုက်ပြီဖြစ်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်ကစတင်ကာ ယာယီအကာအရံများကို အီဖယ်တာဝါ ပတ်ချာလည်တွင် ချထားခဲ့ရာမှ ယခုအခါ အခိုင်အမာတည်ဆောက်ထားသည့် ခြံစည်းရိုးများဖြင့် အစားထိုးလိုက်ခြင်းဖြစ်သည်။ 

အီဖယ်တာဝါအား ခြံစည်းရိုးသစ်များဖြင့် အစားထိုးတပ်ဆင်သည့်လုပ်ငန်းမှာ လာမည့်ဇူလိုင်လတွင် အပြီးသတ်မည်ဖြစ်ပြီး ကုန်ကျငွေစုစုပေါင်း ယူရို ၃၅ သန်းနီးပါးရှိသည်ဟု ပြင်သစ်အစိုးရအရာရှိကြီးများက ဆိုသည်။ 

အီဖယ်တာဝါ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဘားနက်ဂေါက်ဒီလာရားက ယခုတပ်ဆင်လိုက်သော ခြံစည်းရိုးသည် လွန်စွာခိုင်ခံ့သည်ဖြစ်ရာ လုံခြုံရေးအတွက် အထူးစိတ်ချယုံကြည်ရမည်ဖြစ်သည်ဟု ပြောကြားသည်။ 

စတုရန်းပုံစံခတ်ထားသည့် စည်းရိုး၏ ဘက်နှစ်ဖက်ကို ၂ ဒသမ ၅ လက်မထူသည့် ဖန်သားပြင်တံတိုင်းများဖြင့်ကာရံထားပြီး အခြားနှစ်ဖက်တွင် သံမဏိတံတိုင်းများဖြင့် ကာရံထားမည်ဖြစ်သည်။ မော်တော်ယာဉ်များဖြင့် ဗုံးခွဲတိုက်ခိုက်မည့် အန္တရာယ်များမှ ကာကွယ်နိုင်ရေးအတွက် ယင်းဖန်သားပြင်တံတိုင်းများ၏ရှေ့တွင် ဘလောက်တုံးကြီးများ ထားရှိထားမည်ဖြစ်သည်။ 

ယာယီတပ်ဆင်ထားသည့် တံတိုင်းများနေရာတွင် ပိုမိုကောင်းမွန်ပြီး စိတ်ကူးယဉ်ဆန်လှသည့်အရာ တစ်စုံတစ်ခုနှင့် အစားထိုးသွားမည်ဖြစ်သည်ဟု မစ္စတာဘားနက်ဂေါက်ဒီလာရားက ပြောကြားသည်။ ပြင်သစ်နိုင်ငံသည် လာမည့် ၂၀၂၄ ခုနှစ် ပဲရစ်မြို့၌ လက်ခံကျင်းပမည့် အိုလံပစ်အားကစားပွဲမတိုင်မီ အီဖယ်တာဝါကို ယူရိုငွေ သန်း ၃၀၀ အကုန်အကျခံကာ ပြန်လည်ပြုပြင်ရန် စီစဉ်ထားသည်။ 

ယခု ၂၀၁၈ ခုနှစ်တွင်လည်း ပြင်သစ်နိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် စုစုပေါင်း ၇ သန်းခန့် လာရောက်လည်ပတ်မည်ဟု မျှော်မှန်းထားသည်။ 

ပြင်သစ်၏ ကမ္ဘာကျော်အီဖယ်တာဝါကို ယခုလို လုံခြုံရေးအစီအမံများ တပ်ဆင်နေခြင်းနှင့်ပတ်သက်၍ ပဲရစ်မြို့ခံအများစုက မနှစ်သက်ကြပေ။ 

Les Amis Su Champ ဟူသော ပဲရစ်အခြေစိုက်အဖွဲ့တစ်ဖွဲ့က ယခုလိုအစီအမံများ တပ်ဆင်တည်ဆောက်နေသည့်ကိစ္စတွင် ပဲရစ်မြို့ခံများကို တိုင်ပင်ဆွေးနွေးခြင်းမရှိသည့်အတွက် ရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန်သည်။ 

F-01



FOLLOW US