News

POST TAGGED AS

အီတလီ

30-May-2018

ဝန်ကြီး အီတလီ
အီတလီအစိုးရဖွဲ့စည်းရေးကြိုးပမ်းမှု ဝန်ကြီးချုပ်လောင်းကွန်တီ လက်လျှော့


ရောမ၊ မေ ၂၈

အီတလီဝန်ကြီးချုပ်အဖြစ် လျာထားခံရသူ ဂူဆစ်ပီကွန်တီက အဆိုပြုထားသော ဘဏ္ဍာရေးဝန်ကြီးကို အီတလီသမ္မတက ဗီတိုအာဏာသုံးကာ ပယ်ချခဲ့ခြင်းကြောင့် အစိုးရဖွဲ့စည်းရေး ကြိုးပမ်းမှုကိုလက်လျှော့ လိုက်ပြီဖြစ်ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။

သမ္မတဆာဂျီယိုမာတာရယ်လာက အဆိုပြုချက်အားလုံးကို သဘောတူသော်လည်း ဥရောပပေါင်းစည်းရေးကို မလိုလားသည့် စီးပွားရေးဝန်ကြီးလောင်း ပေါ်လိုဆာဗိုနာကို လက်မခံနိုင်ကြောင်း ပြောကြားခဲ့သည်။

ညွန့်ပေါင်းအစိုးရဖွဲ့ရေး ကြိုးပမ်းနေသော လူပြိန်းကြိုက်ပါတီများမှာ သမ္မတမာတာရယ်လာ၏ ယင်းဆုံးဖြတ်ချက်အပေါ် ဒေါသတကြီးတုံ့ပြန်ခဲ့ကြသည်။ ကြယ်ငါးပွင့်လှုပ်ရှားမှုပါတီ ခေါင်းဆောင်လူအီဂီမိုင်ယိုက သမ္မတကိုစွပ်စွဲပြစ်တင်ပြီး ဖြုတ်ချရန်ပါ တောင်းဆိုခဲ့သည်။

အီတလီတွင် မတ်လ ၄ ရက်နေ့က ရွေးကောက်ပွဲနောက်ပိုင်း အစိုးရမရှိသည်မှာ ယနေ့တိုင်ဖြစ်သည်။

မဲ ၃၂ ရာခိုင်နှုန်း ရရှိထားသော ကြယ်ငါးပွင့်လှုပ်ရှားမှုပါတီနှင့် ၁၈ ရာခိုင် နှုန်းရရှိထားသော လက်ယာစွန်း မြောက်ပိုင်းအဖွဲ့ချုပ်ပါတီတို့မှ ရက်အတန်ကြာ ဆွေးနွေးခဲ့ပြီးနောက် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရန် ယခုလအစောပိုင်းတွင် သဘောတူညီနိုင်ခဲ့ကြသည်။

ဥရောပသမဂ္ဂ ပေါင်းစည်းရေးကိုလိုလားသည့် သမ္မတနှင့် မလိုလားသည့် ထိုနှစ်ပါတီအကြား သဘောကွဲလွဲမှုမှာ အဓိကပြဿနာဖြစ်နေပြီး သမ္မတက နိုင်ငံရေးသမားမဟုတ်သူများနှင့် ဖွဲ့စည်းထားသော အိမ်စောင့်အစိုးရတစ်ရပ်ကို အရင်ခန့်ပြီး ရွေးကောက်ပွဲ ပြန်လုပ်ရေးကို လိုလားနေသည်။

ယင်းအချိန်တွင် ထိုနှစ်ပါတီက နိုင်ငံရေးသမားမဟုတ်သူ ကွန်တီကို ဝန်ကြီးချုပ်တင်ပြီး အစိုးရဖွဲ့ရန် စီစဉ်လာခြင်းဖြစ်သည်။ 

သမ္မတက အစီအစဉ်ကို သဘောတူသော်လည်း ဘဏ္ဍာရေးဝန်ကြီးနေရာ ခန့်ထားမှုတွင် သဘောကွဲလွဲခြင်းဖြစ်သည်။

အီတလီဥပဒေအရ သမ္မတသည် ဂုဏ်ပြုခံ နိုင်ငံ့ခေါင်းဆောင်သာဖြစ်သော်လည်း အစိုးရအဖွဲ့ဝင် ခန့်အပ်မှုတစ်ခုခုကို ပယ်ချခွင့်ရှိနေသည်။ သို့သော်လည်း အစဉ်အလားအားဖြင့် သမ္မတက ထိုမျှ ဝင်စွက်ရိုး ထုံးစံမရှိပေ။

ယခုအခါ ကြယ်ငါးပွင့်ပါတီမှ ဒီမိုင်ယိုက သမ္မတကိုစွပ်စွဲပြစ်တင်ရန် အခြေခံ ဥပဒေပုဒ်မ ၉၀ ဖြင့် ဆောင်ရွက်သွားရန် တောင်းဆိုထားသည်။ ယင်းပုဒ်မအရ လွှတ်တော်တွင် ထောက်ခံမှု ၅၀ ရာခိုင်နှုန်းကျော်ရုံမျှဖြင့် စွပ်စွဲပြစ်တင်မှုကို အတည်ပြုနိုင်သည်။

ယင်းသို့ အတည်ပြုနိုင်ပါက သမ္မတကို စွပ်စွဲပြစ်တင်ပြီး ဖြုတ်ချရန် သင့်၊ မသင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက အဆုံးအဖြတ်ပေးရမည်ဖြစ်သည်။

F-03



FOLLOW US