News

POST TAGGED AS

အီဂျစ်

ထိုင်းနိုင်ငံတွင် လူလိမ်တစ်ဦးကို ထောင်ဒဏ် ၁၃,၂၇၅ နှစ် ချမှတ်

ဘန်ကောက်၊ ဒီဇင်ဘာ ၃၀

ထိုင်းတရားရုံးတစ်ခုက လူလိမ်တစ်ဦးကို ထောင်ဒဏ်နှစ်ပေါင်း ၁၃,၀၀၀ ကျော် ချမှတ်လိုက်သည်ဟု BBV သတင်းတွင် ဖော်ပြထားသည်။

ငွေကြေးအကျိုးအမြတ် များစွာရရှိမည်ဟု ရင်းနှီးမြှုပ်နှံသူများကို ကတိပေးကာ လိမ်ညာထားသော အစီအစဉ်တစ်ခုကို လုပ်ဆောင်ခဲ့သည်ဟု တရားခံ ပူဒစ်ကစ်တီ သရာဒီလော့ ၃၄ နှစ်က ဝန်ခံဖြောင့်ချက်ပေးသည်။

၎င်းသည် လူပေါင်း ၄၀,၀၀၀ ကျော်ကို ၎င်း၏ ကုမ္ပဏီအတုများထဲသို့ ဒေါ်လာသန်း ၁၆၀ ခန့် ထည့်ဝင်စေရန် လိမ်ညာစည်းရုံးခဲ့ခြင်း ဖြစ်သည်။

၎င်းသည် တရားမဝင် ငွေချေးမှုနှင့် လိမ်လည်မှု ၂၆၅၃ မှုတွင် ပါဝင်ထိတွေ့ခဲ့ကြောင်း တရားရုံးက စစ်ဆေးတွေ့ရှိခဲ့သည်။ ၎င်း၏ ဝန်ခံဖြောင့်ချက်ပေးမှုကြောင့် တရားရုံးက ထောင်ဒဏ်ကို ၆၆၃၇ နှစ် ခြောက်လသို့ ထက်ဝက် လျှော့ချပေးလိုက်သည်။

သို့ရာတွင် ၎င်းကျူးလွန်ထားသော ရာဇဝတ်မှုနှစ်မျိုးစလုံးအတွက် ဥပဒေက အမြင့်ဆုံးထောင်ဒဏ် ၁၀ နှစ်သာ သတ်မှတ်ထားသောကြောင့် ပူဒစ်သည် ထောင်ဒဏ် နှစ် ၂၀ ထက် ပိုမိုကျခံရမည့် အလားအလာမရှိပေ။

တရားခံပူဒစ်သည် စီးပွားရေးဆွေးနွေးပွဲများ ကျင်းပကာ အိမ်ခြံမြေ၊ အလှကုန်၊  တစ်ပတ်ရစ်ကားနှင့် ပို့ကုန်လုပ်ငန်းများ လုပ်ကိုင်သည်ဟုဆိုသော ကုမ္ပဏီအတုများတွင် ရင်းနှီးမြှုပ်နှံကြရန် တက်ရောက်လာသူများကို ဆွဲဆောင်စည်းရုံးခဲ့သည်ဟု အစိုးရရှေ့နေများက တရားရုံးသို့ တင်ပြသည်။

၎င်းသည် ရင်းနှီးမြှုပ်နှံသူများကို အကျိုးအမြတ်များစွာရမည့်အပြင် ရှယ်ယာဝင်အသစ် ခေါ်ဆောင်လာပါက ဆုကြေးများ ပေးဦးမည်ဟု ကတိပြုခဲ့ကြောင်း Bangkok Post သတင်းစာက ရေးသားထားသည်။

ပိရမစ်ဟုခေါ်သော ရင်းနှီးမြှုပ်နှံမှုအစီအစဉ်သည် အသစ်ဝင်လာသော ရှယ်ယာထည့်ဝင်ငွေများကို ယခင် ရှယ်ယာရှင်ဟောင်းများအား အမြတ်ပေးရန် အသုံးပြုခြင်းဖြစ်သည်။

တရားခံပူဒစ်ကို ဩဂုတ်လက ဖမ်းဆီးရမိခဲ့ပြီးနောက် အာမခံမပေးပဲ ဘန်ကောက် ရီမန်အကျဉ်းထောင်တွင် ချုပ်နှောင်ထားခဲ့သည်။

တရားရုံးက ပူဒစ်၏ ကုမ္ပဏီနှစ်ခုကို ဒေါ်လာသန်း ၂၀ နှင့် ညီမျှသော ဒဏ်ငွေအသီးသီး ချမှတ်ခဲ့သည့်အပြင် စိစစ်တွေ့ရှိရသော နစ်နာသူ ၂၆၅၃ ဦးကို ဒေါ်လာ ၁၇ သန်း ပြန်ပေးရန်နှင့် တစ်နှစ်လျှင် ၇ ဒသမ ၅ ရာခိုင်နှုန်း အတိုးပေးရန် အမိန့်ချမှတ်ခဲ့သည်။

F-04



FOLLOW US