News

POST TAGGED AS

အိန္ဒိယ

12-May-2017

အိန္ဒိယ
အိန္ဒိယ မင်္ဂလာဆောင် နံရံပြိုကျသဖြင့် လူ ၂၂ ဦး သေဆုံး
နယူးဒေလီ၊ မေ ၁၁

အိန္ဒိယနိုင်ငံ အနောက်ပိုင်းဒေသတစ်ခုတွင် မင်္ဂလာဆောင်လာ ဧည့်ပရိသတ်များအပေါ်သို့ နံရံပြိုကျခဲ့ရာတွင် အနည်းဆုံး လူ ၂၂ ဦး သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့ကို ကိုးကား၍ VOA သတင်းတစ်ရပ်က ဖော်ပြထားသည်။

ဘာရာပူရ်ဒေသတွင် ဖြစ်ပွားခဲ့သော အဆိုပါ မတော်တဆမှုဒဏ်သင့် ပြည်သူများကို ကယ်ဆယ်ရေးသမားများက အပြေးအလွှား လာရောက်ကယ်ဆယ်ခဲ့သော်လည်း သေဆုံးသူ အရေအတွက် မြင့်မားခဲ့သည်။

အမှုနှင့်ပတ်သက်၍ မည်သူတို့ကို ဖမ်းဆီးစစ်ဆေးနေကြောင်းကိုလည်း ထုတ်ပြန်ထားခြင်း မရှိသေးပေ။ 

အဆောက်အအုံရှေ့ကွင်းပြင်တွင် တည်ခင်းထားသော ညစာစားသောက်နေသူများနှင့် စုဝေးနေကြသူများသည် သဲမုန်တိုင်း ရောက်လာသောကြောင့် အဆောက်အအုံထဲသို့ ဝင်လိုက်ခြင်း ဖြစ်သည်။

ထို့နောက် ပေ ၈၀ မြင့်သော နံရံကြီး ပြိုကျခဲ့ပြီး ဆိုခဲ့ပါ မတော်တဆမှု ဖြစ်ပွားခဲ့ရသည်ဟု ခရိုင်မန်နေဂျာက သတင်းထောက်များကို ပြောကြားခဲ့သည်။

ဒဏ်ရာရရှိသူလည်း ၂၈ ဦးရှိကာ ဆေးရုံသို့ တင်ပို့ကုသပေးထားကြောင်း ရဲအရာရှိ အနေးလ်တန့်ခ်က Press Trust of India ကို ပြောကြားခဲ့သည်။

အဆိုပါ ခရိုင်သည် ရာဂျက်စ်သန် ပြည်နယ်ထဲတွင် တည်ရှိကာ နယူးဒေလီမှ ကီလိုမီတာ ၂၀၀ ကွာဝေးပါသည်။ 

မီးကလည်း ပြတ်နေသောကြောင့် ကယ်ဆယ်ရေး လုပ်ငန်းများလည်း နှောင့်နှေးခဲ့ရသည်။ သဲမုန်တိုင်းကြောင့် နံရံပြိုကျခြင်း ဟုတ်၊ မဟုတ်ကိုမူ အတည်မပြုနိုင်သေးပေ။

အရည်အသွေးမပြည့်မီသော ဆောက်လုပ်ရေးပစ္စည်းများကို သုံးခြင်း၊ ခွင့်ပြုချက် မရဘဲ အပိုအထပ်များတင်ခြင်း စသည် တို့ကြောင့် အိန္ဒိယတွင် ဆောက်လုပ်ရေး လုပ်ငန်းများကို သေချာကြီးကြပ် တည့်မတ်ပေးပါရန် တောင်းဆိုမှုများ မြင့်တက်နေသည်။ 

၂၀၁၃ ခုနှစ်က တရားမဝင် တည်ဆောက်ထားသော အဆောက်အအုံတစ်ခု မွန်ဘိုင်းတွင် ပြိုကျရာ လူ ၇၄ ဦး သေဆုံးပြီး ဆယ်စုနှစ်များစွာအတွင်း လူအသေအပျောက် အများဆုံး ပြိုကျပျက်စီးမှုအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။          

F-02



FOLLOW US