News

POST TAGGED AS

အိန္ဒိယ

25-Apr-2017

အိန္ဒိယ
အိန္ဒိယမော်ဝါဒီသူပုန်များက ချဟာတီစဂါပြည်နယ်တွင် ရဲတပ်ဖွဲ့ဝင် ၂၄ ဦးကို သတ်ဖြတ်

ဒေလီ၊ ဧပြီ ၂၅

အိန္ဒိယအလယ်ပိုင်း ချဟာတီစဂါ ပြည်နယ်တွင် မော်ဝါဒီသူပုန်များ ရဲတပ်ဖွဲ့ဝင် ၂၄ ဦးကို သတ်ဖြတ်ခဲ့ရာ လက်ရှိနှစ်များအတွင်း အကြီးမားဆုံး တိုက်ခိုက်မှုတစ်ခု ဖြစ်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

ကျဆုံးသွားသော ရဲတပ်ဖွဲ့ဝင်များသည် လမ်းအလုပ်သမားများကို စောင့်ကြပ်ပေးနေခြင်းဖြစ်ပြီး တိုက်ခိုက်မှုဖြစ်စဉ် အသေးစိတ်ကို မသိရသေးသော်လည်း သူပုန် ၃၀ဝ ခန့်က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သတင်းတစ်ရပ်က ဆိုသည်။

မော်ဝါဒီသူပုန်များက ၎င်းတို့သည် ကွန်မြူနစ်ဝါဒအတွက်၊ ကျေးလက်နေ ဆင်းရဲသော လူမျိုးစုများအတွက် တိုက်ပွဲဝင်နေခြင်းဖြစ်သည်ဟု ပြောကြားလေ့ရှိသည်။

ကွန်မြူနစ် သူပုန်ထမှုသည် ၁၉၆၀ ခုနှစ်များတွင် အရှေ့ပိုင်းပြည်နယ် အနောက်ဘင်ဂေါတွင် စတင်ခဲ့ပြီး နောက်ပိုင်းတွင် အိန္ဒိယ၏ ခရိုင်ပေါင်း ၆၀ဝ ကျော်အနက် သုံးပုံတစ်ပုံခန့်အထိ ပျံ့နှံ့သွားခဲ့သည်။

အရန်စစ်ရဲတပ်ဖွဲ့ CRPF ၏ ရဲတပ်ဖွဲ့ဝင်များအား တိုက်ခိုက်မှုသည် တနင်္လာနေ့က ဒေသစံတော်ချိန် ၁ နာရီတွင် ဖြစ်ပွားခဲ့ပြီး နာရီအနည်းငယ် ကြာမြင့်ခဲ့သည်။

မော်သူပုန်များဘက်မှ ထိခိုက်ကျဆုံးမှု သတင်းများကိုမူ မသိရသေးပေ။ 

ထိခိုက်ဒဏ်ရာရသော ရဲတပ်ဖွဲ့ဝင်များကို အနီးဆုံးဆေးရုံသို့ ရဟတ်ယာဉ်များ အသုံးပြု၍ ပို့ဆောင်ပေးခဲ့သည်ဟု အိန္ဒိယ မီဒီယာ သတင်းများက ရေးသားသည်။

သူပုန်များကို လိုက်လံ ချေမှုန်းရန်အတွက် အခင်းဖြစ်နယ်မြေသို့ လုံခြုံရေး တပ်ဖွဲ့များ စစ်ကူ စေလွှတ်ထားသည်ဟု သိရှိရသည်။

သူပုန်များသည် အိန္ဒိယ အရှေ့ပိုင်းနှင့် အလယ်ပိုင်း ပြည်နယ်များစွာတွင် လှုပ်ရှားလျက်ရှိသည်။ 

၎င်းတို့သည် အိန္ဒိယ လုံခြုံရေးတပ်ဖွဲ့များကို ပုံမှန် ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိပြီး ၂၀၁၀ ခုနှစ်က ချဟာတီစဂါပြည်နယ် ဒန်တီဝါဒါခရိုင်တွင် ရဲတပ်ဖွဲ့ဝင် ၇၄ ဦးကို သတ်ဖြတ်ခဲ့ရာ အသေအပျောက် ကြီးမားသော တိုက်ခိုက်မှုဖြစ်ခဲ့ရသည်။

F-04

  • VIA


FOLLOW US